တီးတိန်မှာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု လက်အောက်ခံ ZRA EC တပ်သားသုံးဦးအပါအဝင် ခြောက်ဦးသေဆုံး၊တီးတိန်မြို့ပေါ်နဲ့ ခိုင်ကမ်းဂိတ်မှာ လုံခြုံရေးတင်းကျပ်ပြီး အစစ်အဆေးကြမ်းနေ

ရွှေဥ/MFP၊ဇူလိုင်-၂၃
စစ်အုပ်စုထိန်းချုပ်ထားတဲ့ တီးတိန်မြို့နယ်၊ တီးတိန်-ကနေဒီတောင်ကုန်း လမ်းမကြီးမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုလက်အောက်ခံ Zomi Revolutionary Army (ZRA EC) တပ်သားသုံးဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့တယ်လို့ ချင်းပြည်တော်လှန်ရေးအင်အားစုဖြစ်တဲ့ PDF Zoland တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင် (၂၁)ရက်နေ့မှာ ချင်းတော်လှန်ရေးတပ်ဖြစ်တဲ့ PDF Zoland တပ်ဖွဲ့ဝင်တွေက တီးတိန်မြို့နယ် တီးတိန်-ကနေဒီတောင်ကုန်းကြားသွာလာနေတဲ့ စစ်အုပ်စုတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။



ကနေဒီတောင်ကုန်းနဲ့ တစ်မိုင်ကျော်ခန့်အကွာက စစ်ရေးအရ အချက်အခြာကျတဲ့ နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်အုပ်စုတပ်တွေ လမ်းမကြီးအတိုင်း လာရောက်ချိန် ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
” အဲ့နေရာက ကနေဒီတောင်ကုန်းနဲ့ နီးတယ်။ဆိုင်ကယ်နဲ့ဆို တစ်နာရီလောက်မောင်းရတာ ၊စစ်ဆိုင်ထားတာဆိုတော့ ကြားဖြတ်တိုက်လိုက်တဲ့ သဘောပါ။ “လို့ သူကဆိုပါတယ်။
စစ်အုပ်စုလက်အောက်ခံ Zomi Revolutionary Army (ZRA EC) တပ်ဖွဲ့ဘက်ကလည်း လမ်ဇန် (Lamzang) ကျေးရွာမှ မုန်ဂျပ် (Monjep)၊ ဘွန်လီ (Buanli) ကျေးရွာမှ ကေဗွီ (Kv) နဲ့ လဲဇန် (Lezang) ကျေးရွာမှ ထန်နို (Thangno)တို့ သုံးဦးတိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ အတည်ပြု ထုတ်ပြန်ထားပါတယ်။
ဒီလိုတိုက်ပွဲဖြစ်ပွားပြီးနောက်မှာတော့ စစ်အုပ်စုတပ်တွေက တီးတိန်မြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားပြီး ဧည့်စာရင်း စစ်ဆေးတာတွေနဲ့ လုံခြုံရေးအတွက် ကာကင်းစခန်းတွေ တိုးမြှင့်ချထားတယ်လို့ တီးတိန်မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် တီးတိန်ကနေ ကလေးဘက်ကိုသွားတဲ့ ကလေး-တီးတိန် လမ်းမကြီးက ခိုင်ကမ်းမြို့ စစ်ဆေးရေးဂိတ်မှာလည်း လုံခြုံရေးတင်းကျပ်ကာ ခရီးသွားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတယ်လို့ တီးတိန်မြို့ ဒေသခံတစ်ဦးကပြောပါတယ်။
“မှတ်ပုံတင်တွေ ၊ထွေအုပ်ရုံး ထောက်ခံချက်တွေ ပြခိုင်းတယ်။ CDM ပါမပါ စစ်တယ်။ဖမ်းခံရသူတွေလည်း ရှိတယ်။ဆေးတွေနဲ့ ဆန်တွေက သယ်လို့မရဘူး ၊သိမ်းခံရတယ်။” လို့ တီးတိန်ဒေသခံက ဆိုပါတယ်။
ဒီလို စစ်ဆေးချိန်မှာ စစ်အုပ်စုဟာ ခရီးသွားပြည်သူတွေရဲ့ ဆန်အိတ်နဲ့ ဆေးပစ္စည်းတွေ သိမ်းယူတာတွေကိုလည်း လုပ်နေတာပါ။
လက်တလောမှာတော့ တီးတိန်မြို့ပေါ်မှာ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်ကာ ကုန်စျေးနှုန်းကြီးမြင့်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ်အတွင်းမှာ ချင်းတော်လှန်ရေးတပ်တွေက မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။ကျန်တဲ့ ဟားခါး ၊ဖလမ်း ၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း ၊ ကျီခါး၊ ဝေဘူလ၊တွန်းဇံ မြို့တွေကိုတော့ စစ်အုပ်စုက ထိန်းချုပ်ထားပါတယ်။
ဇူလိုင် ၂၁ ရက်က တီးတိန်တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်အုပ်စု လက်အောက်ခံ Zomi Revolutionary Army (ZRA EC) တပ်သားတွေ/ ဓာတ်ပုံ- Zomi Revolutionary Army (ZRA EC)



