သတင်း

မင်းတပ်ကို စစ်အုပ်စု တစ်ရက်တည်း ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲချ၊လူစုလူဝေးမလုပ်ဖို့ CPU/CPA သတိပေး

ဒံယေလ/MFP၊ဇူလိုင်-၂၄

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်အုပ်စုက ဒီနေ့မနက်ပိုင်းမှာ လေကြောင်းကနေ ပေါင်(၃၀၀)ဗုံးတွေ အပါအဝင်၊ ဗုံးအလုံးရေ (၁၀၀) ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၂၄ ရက် မနက်ပိုင်းမှာ မင်းတပ်မြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားနေတဲ့နေရာနဲ့ အနီးနားက ကျေးရွာတွေကို ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး အဲဒီအထဲမှာ ပေါင် ၃၀၀ ဗုံး အလုံး (၂၀)လောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အဲဒီတိုက်ခိုက်မှုတွေကြောင့် လူထိခိုက်သေဆုံးတာတွေနဲ့ အိုးအိမ်၊အဆောက်အဦး ပျက်စီးဆုံးရှုံးတာတွေကို မသိရသေးဘူးလို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် CPU/CPAမြေပြင်ရဲဘော်တစ်ဦးက ပြောပါတယ်။

“လေကြောင်းကတော့ နေ့တိုင်းတိုက်တာ၊တိုက်ပွဲကလည်း ဟိုနားဖြစ်လိုက်၊ဒီနားဖြစ်လိုက်ပဲ ၊ပျက်စီးတာတွေကတော့ ဘယ်သူမကြည့်နိုင်ကြသေးဘူး “လို့ အဆိုပါရဲဘော်က ပြောပါတယ်။

မင်းတပ်မြို့နယ်အတွင်းမှာ စစ်အုပ်စုက ဒီလိုလေကြောင်းဗုံးကြဲတာတွေအပြင် လက်နက်ကြီးနဲ့ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်တာတွေလည်း ရှိနေတာပါ။

လက်ရှိမှာ လေကြောင်းအန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ လူစုလူဝေး ပြုလုပ်တာတွေနဲ့ ယာဉ်လှုပ်ရှားမှုတွေကို အထူးဆင်ခြင်ကြဖို့ CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ဒီနေ့ လူမှုကွန်ယက်မှာ ရေးသားသတိပေးထားပါတယ်။

“လူစုလူဝေး လုပ်တာတွေ၊ ဆိုင်ကယ်ရပ်တာတွေ၊ ကားရပ်တာတွေ၊ အဝတ်လှန်းတာတွေကအစ ဆင်ခြင်ကြပါ။အမိုးအကာအောက်၊ အရိပ်အောက်မှာပဲ ဆိုင်ကယ်တွေ၊ ကားတွေ ရပ်ကြ၊ အဝတ်တွေ လှန်းတာကောင်းပါတယ်။ ဖြစ်နိုင်ရင် ဖိနပ်ချွတ်တာကစလို့ အိမ်ထဲချွတ်ပြီး လူရိပ်လူခြေတိတ်နေရင် အကောင်းဆုံးပါပဲ”လို့ သတိပေးရေးထားတာ ဖြစ်ပါတယ်။

မင်းတပ်မြို့နယ်ထဲမှာ ဧပြီလ ၁၁ ရက်ကနေ ဇွန်လ ၂၂ ရက်အထိ နှစ်လကျော်ကာလအတွင်းမှာလည်း စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုအကြိမ် ၄၄၀ ရှိခဲ့ပြီး တစ်ရက်တည်းမှာပဲ ဗုံးကြဲမှု ၉၁ ကြိမ်ရှိခဲ့တဲ့နေ့တွေတောင် ရှိတယ်လို့ချင်းလူ့အခွင့်အရေးအဖွဲ့ – CHRO က ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း ၊မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေမှာ စစ်အုပ်စုကြောင့် ပြီးခဲ့တဲ့ ဇွန်လနဲ့ ဒီလဆန်းပိုင်းအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သား တစ်ဒါဇင်ကျော် သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ ၂၅ ဦးကျော်ရှိသလို နေအိမ်အများအပြားလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

စစ်အုပ်စုတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကစတင်ကာ မကွေးတိုင်းအခြေစိုက် အမြောက်တပ် (အမတ -၃၆၈) တည်ရှိရာ ကျောက်ထုမြို့ နဲ့ ဆောမြို့ တွေမှာ လူ၊လက်နက် ၊ရိက္ခာဖြည့်တင်းကာ ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးဖို့ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် စစ်အုပ်စုတပ်တွေဟာ မေလ ၁၆ရက်နေ့ကစတင်ကာ အဆိုပါမြို့တွေကတဆင့် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နဲ့ မင်းတပ်မြို့တို့ကို ဦးတည်ကာ အင်အား(၁၀၀၀)ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီစစ်အုပ်စုတပ်တွေနဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် CPU/CPA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့လတွေအတွင်း ထိုးစစ်ဆင်ချိန်မှာ စစ်အုပ်စုဘက်က အကျအဆုံးများပြီး တပ်ဆုတ်ခဲ့ရပါတယ်။

ဒါ့ကြောင့် လတ်တလောမှာ စစ်အုပ်စုဟာ မကွေးတိုင်းဘက်ကနေ အင်အား ၃,၀၀၀ ဝန်းကျင် ထပ်မံဖြည့်တင်းကာ ပြန်လည်ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်အတွင်းမှာ စစ်အုပ်စုက စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပြီး ထိတွေ့တိုက်ပွဲတွေလည်း ရက်ဆက်ရှိနေတယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“မင်းတပ်ဘက်ကတော့ စစ်ကြောင်းက ရှေ့မတိုးနိုင်သေးဘူး ။မြေပြင်ကတော့တိုက်ပွဲကတော့ နေ့တိုင်းလိုလိုပဲ ။လက်နက်ကြီး ပစ်တာတို့ ။ဒရုန်းချတာတို့ကတော့ “လို့ သူကဆိုပါတယ်။

မင်းတပ်မြို့နယ်အတွင်းမှာ စစ်အုပ်စုရဲ့ မြေပြင်ဝေဟင် တိုက်ခိုက်မှုတွေကြောင့် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ ၁၇,၀၀၀ ခန့် ရှိနေပြီး၊ ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ချင်းပြည်နယ်အတွင်းမှာတော့ ချင်းတော်လှန်ရေးတပ်တွေက မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။ကျန်တဲ့ ဟားခါး ၊ဖလမ်း ၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း ၊ ကျီခါး၊ ဝေဘူလ၊တွန်းဇံမြို့တွေကိုတော့ စစ်အုပ်စုက ထိန်းချုပ်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လနဲ့ ဒီလအတွင်း မင်းတပ်မြို့နယ်အတွင်း စစ်အုပ်စု လေကြောင်းဗုံးကြဲသွားစဉ်(ပုံဟောင်း)/ဓာတ်ပုံ-ဒေသခံ

Related Articles

Back to top button