
လှိုင်း / MFP၊ ဇူလိုင် – ၂၄
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အရှေ့ခြမ်းမှာ အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင်တွေ လိုက်ပါလာတဲ့ ကားတစ်စီး ပစ်ခတ်ခံရပြီးနောက် စစ်အုပ်စုက ပစ်ခတ်မှုဖြစ်တဲ့ နေရာအနီးရှိ ကျေးရွာတွေကို စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်းလုယက် ဖျက်ဆီးပြီး အမျိုးသမီးတွေ အပါအဝင် ရွာခံပြည်သူ ခုနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇူလိုင် ၂၁ ရက်က နတ်မောက်မြို့နယ်အရှေ့ခြမ်း၊ ရွာမွန် – ဇရပ်ကုန်းလမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေ လုံခြုံရေးအရ စစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့အချိန် စစ်အုပ်စု ဂွေးကုန်းဆက်သွယ်ရေးတပ်က ဗိုလ်မှူးအဆင့် ငြိမ်းထူးဇော် မောင်းနှင်လာတဲ့ Honda Fit ခဲရောင် ကားတစ်စီးနဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ People’s Defense Organization – Natmauk (နတ်မောက်မြို့နယ် – ပကဖ) က ထုတ်ပြန်ပါတယ်။
တော်လှန်ရေးတပ်တွေ စစ်ဆေးရေး ပြုလုပ်နေတဲ့နေရာကို မြင်သွားပြီးနောက် စစ်အုပ်စု ကားက ပြန်လှည့်ထွက်ပြေးလို့ ကင်းပုန်းဝပ်နေတဲ့ တော်လှန်ရေးတပ်တွေက တားဆီးရာမှာ ဗိုလ်မှူးအဆင့် ငြိမ်းထူးဇော်က ပစ္စတိုနဲ့ စတင်ပစ်ခတ်ခဲ့ရာကနေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးအဆင့် ငြိမ်းထူးဇော် အပါအဝင် စစ်အုပ်စု သုံးယောက် ဒဏ်ရာရ၊ တစ်ယောက် သေတယ်လို့ ဆိုပါတယ်။
အဲ့ဒီ ပစ်ခတ်မှု ဖြစ်ပြီးနောက် နတ်မောက်မြို့နယ်၊ ရွာမွန်ရွာ လက်နက်သိုလှောင်ရေးတပ်နဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၁၇) ကနေ စစ်အုပ်စု အင်အား ၃၀ ဝန်းကျင် ထွက်လာပြီး ဇူလိုင် ၂၂ ရက် ညပိုင်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ကန်စွယ်ကျေးရွာကို စီးနင်းခဲ့သလို ဇူလိုင် ၂၃ ရက် မနက် ၅ နာရီဝန်းကျင်မှာ ထန်းပင်ကုန်းကြီးကျေးရွာကို ဆက်လက် စီးနင်းပြီး အမျိုးသမီးနှစ်ဦး အပါအဝင် စုစုပေါင်း ရွာခံပြည်သူ ခုနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပစ်ခတ်မှုက ကန်စွယ်ရွာမြောက်ဘက်နားမှာ ဖြစ်တာပါ။ ထန်းပင်ကုန်းကြီးရွာရဲ့ မြောက်ဘက်ကရွာပါ။ အခု ဇူလိုင် ၂၃ ရက် မနက်အစောမှာ စစ်တပ်က အင်အား ၃၀ ဝန်းကျင်နဲ့ ထန်းပင်ကုန်းကြီးရွာမှာ တပ်စွဲပြီး ရွာထဲက မိသားစု သုံးယောက်နဲ့ အခြားယောကျာ်းသား လေးယောက်၊ စုစုပေါင်း ခုနှစ်ယောက်ကို ဖမ်းထားပါတယ်။ တခြား ထူးခြားတာကတော့ မရှိပါဘူး။ ကားလမ်းဘေးမှာ နေတဲ့ အိမ်တွေကို ရွာထဲမှာ ပြန်နေခိုင်းပြီး အိမ်အလွတ်တွေမှာ စစ်တပ်က တပ်စွဲထားတာပါ” လို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက ဖမ်းဆီးထားသူတွေဟာ ထန်းပင်ကုန်းကြီးကျေးရွာက မိသားစု သုံးဦးနဲ့ ရွာခံအမျိုးသား လေးဦးတို့ ဖြစ်ပြီး လက်ရှိအချိန်ထိ စစ်အုပ်စုက ပြန်မလွှတ်သေးကိုလည်း ထန်းပင်ကုန်းကြီးရွာ ကိုလည်း ဆက်လက် စီးနင်းထားဆဲလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကလည်း နတ်မောက်မြို့နယ်နဲ့ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တို့ကို ချိတ်ဆက်ထားတဲ့ နတ်မောက် – ပျော်ဘွယ် လမ်းဟောင်းမှာ တော်လှန်ရေးတပ်တွေ လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်နေချိန် အစစ်အဆေးမခံဘဲ မောင်းပြေးတဲ့ ကားတစ်စီးကို လိုက်လံပစ်ခတ်ခဲ့ရာ အရာရှိအဆင့် အပါအဝင် စစ်အုပ်စု နှစ်ယောက် သေပြီး ကားနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်း ရရှိခဲ့တယ်လို့ People’s Defense Organization – Natmauk (နတ်မောက်မြို့နယ် – ပကဖ) က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ သင်္ကြန်မတိုင်ခင် ဧပြီလဆန်းပိုင်းက စတင်ကာ နတ်မောက်မြို့နယ် အရှေ့ခြမ်းကို အင်အားအလုံးအရင်းနဲ့ ရွာစဉ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။ ဇွန် ၂၅ရက်က နတ်မောက်မြို့နယ်အရှေ့ခြမ်း သမုန်းကုန်းကျေးရွာကို စစ်အုပ်စုက တိုက်လေယာသ် နှစ်စီးနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်ခဲ့ရာ မိသားစုလိုက် အပါအဝင် ရွာခံပြည်သူ ငါးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။ နတ်မောက်နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊ လေကြောင်းဗုံးကြဲနေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက ခုခံ တိုက်ခိုက်လို့ တိုက်ပွဲတွေလည်း မကြာခဏ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

နတ်မောက်နယ် အရှေ့ခြမ်းရှိ စစ်အုပ်စု စီးနင်းထားတဲ့ ကျေးရွာနဲ့ နတ်မောက် ပကဖ ရဲဘော်တွေ/Photo – ဒေသခံ၊ နတ်မောက် ပကဖ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #နတ်မောက် #ထန်းပင်ကုန်းကြီးကျေးရွာ



