
မင်းတပ်ကို လနဲ့ချီကြာ ထိုးစစ်ဆင်တာ ရှေ့ဆက်မတိုးနိုင်လို့ စစ်ကြောင်းတချို့ ခွဲကာ ဆောမြို့ဘက် ဦးတည်ပြီး ကန်ပက်လက်ကို စစ်ကြောင်းထပ်ထိုးဖွယ်ရှိ၊
စစ်အုပ်စုက လူလှိုင်း ထိုးစစ်ဆင်နေတယ်လို့ AA က အသိပေးထားပြီး ချင်း – မကွေးအစပ် ဗုံးပတ်ကြဲ နေလို့ ပြည်သူတွေ သတိထားကြဖို့ တော်လှန်ရေးတပ်တွေ တိုက်တွန်း၊
လှိုင်း / MFP၊ ဇူလိုင် – ၂၄
ချင်း၊ ရခိုင်နဲ့ မကွေးတိုင်း အစပ်ရှိ လမ်းပန်းဆက်သွယ်ရေး အချက်အခြာနေရာ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရွှေအောင်သာကျေးရွာ လမ်းဆုံကို စီးနင်းအထိုင်ချ ပိတ်ဆို့ဖို့ ကြိုးစားတဲ့ အာဏာသိမ်း စစ်အုပ်စု မြေပြင်တိုက်ပွဲမှာ အထိနာ အသေများကာ ရှေ့ဆက် မတိုးနိုင်တာကြောင့် ဗုံးပတ်ကြဲနေတယ် လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇူလိုင် ၁၇ ရက်မှာ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ အခြေစိုက် အမတ – ၃၆၈ (အမြောက်တပ်)က ထွက်လာတဲ့ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်အုပ်စုဟာ ချင်း – ရခိုင် – မကွေး ကုန်သွယ်ရေးမှာ အချက်အချာကျတဲ့ ကျောက်ထု – ထီးလင်း လမ်းပေါ်ရှိ ရွှေအောင်သာကျေးရွာကို ပြန်လည် စီးနင်းအထိုင်ချနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ချင်းပြည်မြောက်ပိုင်းရှိ တီးတိန်နဲ့ ဟားခါးအပြင် ဖလမ်း၊ ထန်တလန်နဲ့ တွန်းဇံ မြို့တွေကို ပြန်လည် သိမ်းပိုက်ထားပြီး ထီးလင်းမြို့နယ်ထဲက ရွှေအောင်သာ ကျေးရွာကို ပြန်လည် သိမ်းယူနိုင်ပါက မကွေးတိုင်းကနေ ချင်းနဲ့ ရခိုင်ပြည်ကို စီးဆင်းနေတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေ အလုံးစုံ ပိတ်ဆို့ သွားနိုင်တယ်လို့ ဒေသခံတွေက မှတ်ချက်ပြုပါတယ်။

ကျောက်ထု – ထီးလင်းလမ်းအတိုင်း ရွှေအောင်သာရွာဘက် ထိုးစစ်ဆင်တဲ့ စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေး တပ်တွေ ဇူလိုင် ၁၉ ရက်ကစလို့ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်အုပ်စု အထိနာ အသေများကာ ရှေ့ဆက် မတိုးနိုင်သေးဘဲ ဆောမြို့နယ်၊ ကြီးကျေးရွာမှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲ အထိနာတဲ့ စစ်အုပ်စုဟာ ဇူလိုင် ၂၁ ရက်နဲ့ ၂၂ ရက်မှာ မိထ္တီလာမြို့ ရှမ်းတဲလေတပ်၊ မကွေးမြို့ မကွေးလေတပ်နဲ့ နေပြည်တော် အေလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ်တွေနဲ့ အုပ်လိုက် ပျံသန်းကာ ထီးလင်းနဲ့ ကျောက်ထုမြို့နယ်ကြား ဗုံးပတ်ကြဲနေသလို Y 12 စစ်ထောက်ပို့ လေယာဥ်တွေနဲ့လည်း ကြီးကျေးရွာနဲ့ ဆောမြို့နယ်ထဲရှိ စစ်အုပ်စု တပ်စွဲထားရာ နေရာတွေကို လက်နက်ခဲယမ်း ထောက်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လေယာဥ်တွေက တစ်ခါလာရင် လေးစင်း၊ ငါးစင်းနဲ့ လာပြီး ဗုံးကြဲတာ။ စစ်တပ်ဘက်ကလည်း ပြည်သူ့စစ် သင်တန်းဆင်းတွေ အများကြီးနဲ့ စစ်ကြောင်းထိုးတာ။ အခုထိတော့ ကြီးရွာထဲမှာပဲ ရှိနေကြသေးတယ်” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
၂၀၂၄ ဇွန်လကတည်းက စစ်အုပ်စု စခန်း စွန့်ခွာ ထွက်ပြေးလို့ ကျောက်ထု – ထီးလင်း လမ်းပေါ်ရှိ ရွှေအောင်သာစခန်းကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
“စစ်တပ်က ပထမတစ်ခါတုန်းကလည်း တပ်လန်ထားတော့ မင်းတပ်၊ ကန်ပက်လက်၊ ဆောကို လေကြောင်းကနေ နေ့တိုင်းနီးပါး ဗုံးကြဲတယ်။ အိမ်တွေဆိုတာ ဘာမှ မကျန်တော့ဘူး။ အခုလည်း ကန်ပက်လက်နဲ့ မင်းတပ်ကို စစ်ကြောင်းနှစ်ကြောင်း ထိုးနေတယ်။ ချင်းပြည်နယ်မြောက်ပိုင်းမှာလည်း နယ်စပ်မြို့တွေက လွဲလို့ ကျန်တာ စစ်တပ်က သိမ်းထားတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

မေလကစလို့ မကွေးတိုင်း၊ ယောဒေသ၊ ကျောက်ထုနဲ့ လောင်းရှည်မြို့ကတဆင့် ချင်းပြည်တောင်ပိုင်းရှိ စစ်ရှုံးထားတဲ့ မင်းတပ်မြို့ ပြန်ရရေး ထိုးစစ်ဆင်နေတဲ့ စစ်အုပ်စုဟာ မြေပြင်တိုက်ပွဲ အထိနာ အသေများပြီး ရှေ့ဆက်မတိုးနိုင်တာကြောင့် စစ်ကြောင်းတချို့ ခွဲထွက်လာပြီး ကန်ပက်လက်မြို့ကို ထပ်မံ စစ်ကြောင်းထိုးဖွယ် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂၄ ရက် မနက်ပိုင်း လောင်းရှည်မြို့ကနေ ထွက်လာတဲ့ အင်အား ၄၀၀ ဝန်းကျင်ပါ စစ်အုပ်စုဟာ ဆောမြို့ဘက်ကို ဦးတည်နေပြီး ဆောမြို့တွင်းရှိ စစ်အုပ်စုနဲ့ ပူးပေါင်းကာ ချင်းညီနောင် (CB) ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို စစ်ကြောင်းထိုးဖို့ ဖြစ်နိုင်တယ်လို့ ဒေသတွင်း သတင်းတွေ တင်ဆက်နေတဲ့ ယောအလင်းတန်းက ဖော်ပြပါတယ်။
မင်းတပ်မြို့ပြန်ရရေး အင်အား ထောင်ချီသုံးပြီး ထိုးစစ်ဆင်နေတာ လနဲ့ချီ ကြာမြင့်နေပြီဖြစ်ပေမယ့် တိုက်ပွဲတွေမှာ အထိနာ အသေများကာ ရှေ့ဆက်မတိုးနိုင်ဘဲ စစ်အင်အားပြုန်းတီးနေတဲ့ စစ်အုပ်စုက မင်းတပ်မြို့နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ကန်ပက်လက်မြို့နယ်ဘက်ကိုလည်း စစ်ကြောင်းထပ်ထိုးဖို့ ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။
ချင်းပြည်တောင်ပိုင်းရှိ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေဟာ အာရက္ခတပ်တော်(AA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ပလက်ဝနဲ့ ရခိုင်ပြည်အထိ လမ်းကြောင်းပေါက်တဲ့အတွက် စစ်အုပ်စု ကလည်း စစ်ရှုံးမြို့တွေ ပြန်ရရေး ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေ အသုံးချကာ အပြင်းအထန် ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

ရခိုင်နဲ့ ချင်းအစပ် နေရာတွေနဲ့ AA လှုပ်ရှားရာ နေရာအနှံ့မှာ စစ်အုပ်စုက လူလှိုင်း အသုံးပြု ထိုးစစ်တွေ ကြောင့် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ AA က ဇွန် ၂၇ ရက် ထုတ်ပြန်ထားပါတယ်။
မေ ၁၆ ရက်က စပြီး ချင်းပြည်တောင်ပိုင်း ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်တွေကို စစ်အုပ်စုက ပြည်သူ့စစ် အများအပြား ပါဝင်တဲ့ အင်အား ထောင်ချီတဲ့ သုံးကာ ထိုးစစ်ဆင်နေပြီး အဲ့ဒီ စစ်အုပ်စုကို ချင်းပြည်သူ့တပ်မတော် (CPA)၊ ယောဒေသ တော်လှန်ရေးတပ်တွေဖြစ်တဲ့ YDF၊ YA အပါအဝင် မဟာမိတ် တပ်တွေနဲ့အတူ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ရာ ရာနဲ့ချီ သေဆုံး၊ ဒဏ်ရာရပြီး တိုက်ပွဲတွေ အတွင်း စစ်အုပ်စု အလောင်း၊ သုံ့ပန်းနဲ့ လက်နက်ခဲတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ချင်း ပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော်(CPU/CPA) က ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ချင်းပြည်နယ်နဲ့ ယောဒေသထဲ စစ်အုပ်စုက ဗုံးပတ်ကြဲနေလို့ ဒေသခံပြည်သူတွေ လေကြောင်း အန္တရာယ်ကို အထူးဂရုစိုက်ကြဖို့ တော်လှန်ရေးတပ်တွေက တိုက်တွန်း ထားပါတယ်။

ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့နယ်ထဲ စစ်အုပ်စုက ဗုံးပတ်ကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – CPU
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ချင်း #ယော



