မန္တလေးသတင်း

မြင်းခြံမြို့ခံတစ်ဦးကို ဖမ်းသတ်တဲ့ သီတာယုမွန်ကို စစ်အုပ်စုက ဟန်ပြခေါ်စစ်ပြီး ပြန်လွှတ်ပေး၊

သီတာယုမွန် ဦးဆောင်တဲ့ ပျူအဖွဲ့ ကျူးလွန်တဲ့ ဒေသတွင်း ကျေးရွာတွေကို စီးနင်းကာ လူသတ်၊ လုယက် မီးရှို့မှုနဲ့ မုဒိမ်းမှုတွေကို စစ်အုပ်စုက လျစ်လျူရှု့ထား၊

MN/MFP ၊ ဇူလိုင် – ၂၅

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ မြို့ခံအမျိုးသားတစ်ဦးကို သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးတွေက ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ် ဟိုးလေးတကြော် ဖြစ်ပြီးနောက် အာဏာသိမ်း စစ်အုပ်စုက သီတာယုမွန်ကို မနေ့က ညပိုင်း ခေါ်ယူပြီးနောက် တစ်ညအိပ်စစ်ဆေးကာ ဒီကနေ့ ဇူလိုင် ၂၅ ရက် ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

ဇူလိုင် ၁၇ ရက်က မြင်းခြံမြို့ အမှတ် (၅) ရပ်ကွက်နေ အမျိုးသား တစ်ဦးကို သီတာယုမွန် ဦးဆောင်တဲ့ ပျူတွေက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ််နဲ့ပတ်သက်ပြီး စစ်အုပ်စုက သီတာယုမွန်ကို တစ်ညအိပ် ခေါ်ယူစစ်ဆေးခဲ့တာလို့ ဖြစ်စဉ်ကိုသိရှိထားတဲ့ မြို့ခံတစ်ဦးက ဆိုပါတယ်။

“ဟိုတနေ့တုန်းက အမှတ်(၅) ရပ်ကွက်မှာ မောင်နှချင်း ရန်ဖြစ်ကြတာ။ မောင်ဖြစ်တဲ့သူက ဆေးကြောင်နေတာ။ အဲဒီမှာ သူ့ညီမကို ဆေးကြောင်နေတဲ့ ကောင်က ရိုက်လွှတ်လိုက်တာ။ အဲဒီလို ရိုက်လွှတ်တာကြောင့် သွားတိုင်တဲ့အခါမှာ သီတာယုမွန်ရဲ့ ပျူတွေက ဖမ်းပြီးတော့ ရိုက်နှက်လိုက်တာ လက်လွန်ပြီး သေသွားတာ။ အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ စစ်တပ်က သီတာယုမွန်ကို လာခေါ်သွားတာ။ သီတာယုမွန်က ခေါင်းဆောင်ဆိုတော့ သူ့ကို မေးတဲ့မြန်းတဲ့ သဘောဖြစ်မှာပေါ့။ အခုတော့ (သီတာယုမွန်)သူက သူ့အိမ်ကို ပြန်ရောက်နေပြီ။ ဖမ်းတာတော့ မဖမ်းဘူး။ ဟန်ပြ ခေါ်ယူ မေးမြန်းတဲ့ သဘောပေါ့”လို့ မြင်းခြံမြို့ခံက MFP ကို ပြောပါတယ်။

သီတာယုမွန် ဦးဆောင်တဲ့ ပျူအဖွဲ့ဟာ မြင်းခြံမြို့ခံ ပြည်သူတွေကို မကြာခဏ ဖမ်းဆီး သတ်ဖြတ်နေသလို ဒေသတွင်း လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့၊ မုဒိန်းမှုတွေ ကျုူးလွန်နေပြီး စစ်အုပ်စုက အဲ့ဒီ ရာဇဝတ်မှုတွေကိုတော့ လျစ်လျူရှုထားတယ်လို့ ဆိုပါတယ်။

“မြင်းခြံမြို့ပေါ်မှာက သူတို့(သီတာယုမွန်) ဖမ်းဆီးသတ်ဖြတ်ထားတဲ့ လူတွေ အများကြီး ရှိသေးတယ်။ ပြည်သူတွေက မတိုင်ရဲကြလို့သာ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က အမျိုးသမီး တစ်ယောက်ဆိုရင် ထောက်ပို့ လုပ်ပါတယ်လို့ စွပ်စွဲပြီးတော့ ဗိုက်ခွဲ သတ်ပစ်လိုက်ကြတာ။ အဲဒါက လူသတ်မှု တစ်မှုတည်း ရှိသေးတာ။ ကျန်တဲ့ အမှုတွေ အများကြီး ရှိသေးတယ်။ လေးလုံးမ (သီတာယုမွန်)က မြို့ပေါ်မှာ သူ လုပ်ချင်သလို လုပ်နေတာ ကြာပြီ။ ရဲရော၊ တရားရေးရော၊ အုပ်ချုပ်ရေးရော အကုန် ဝင်စွက်ဖက်နေတာ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုက လက်နက်ထုတ်ပေးကာ လက်သပ်မွေးထားတဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူတွေဟာ မြင်းခြံခရိုင်ထဲ စစ်အုပ်စုနဲ့အတူ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ဒေသခံ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူ သယ်ထုတ်ပြီး ပြန်လည်ရောင်းချတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးကလည်း MFP ကို ပြောပါတယ်။

“သီတာယုမွန်နဲ့အဖွဲ့က မြို့ပေါ်မှာရော ရွာတွေမှာပါ သူတို့မကြိုက်ရင် မကြိုက်သလို ဖမ်းဆီးတယ်၊ ငွေညှစ်တယ်၊ ကျေးရွာတွေကို မီးရှို့တယ်။ သူတို့ မီးရှို့ထားတဲ့ အိမ်တွေ၊ လူမရှိတဲ့ အိမ်တွေ ဆိုရင်လည်း ပျူအဖွဲ့ဝင်တွေက အိမ်တိုင်တွေ ဖြုတ်ရောင်းစားတယ်။ ဒေသခံတွေကို ဖမ်းဆီးပြီး ငွေညှစ်တာတွေနဲ့ မုဒိမ်းကျင့်တဲ့ ဖြစ်စဉ်တွေလည်း မနည်းပါဘူး။ ကျွန်တော်တို့ တော်တော်များများ သိထားတာက ရွာတစ်ရွာကို (ပျူအဖွဲ့) ဝင်မယ်ဆိုရင် သိမ်းဆည်းလာတဲ့ ပစ္စည်းတွေထဲက ဈေးကောင်းရမယ့် ပစ္စည်းတွေကို သီတာယုမွန်ဆီကို အပ်ရတယ်။ သူတို့ရဲ့ ရက်စက်မှုအပေါင်းက မနည်းပါဘူး”

သီတာယုမွန်ရဲ့ ပျူစောထီးအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇွန်လ တစ်လအတွင်းမှာပဲ အမျိုးသမီး တစ်ဦးကို အဓမ္မ ပြုကျင့်ခဲ့သလို အမျိုးသား သုံးဦးကို ဖမ်းဆီးသွားရာမှာ တစ်ဦးရဲ့ အလောင်းကိုသာ ပြန်ရပြီး နှစ်ဦးကတော့ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ သီတာယုမွန် ဦးဆောင်းတဲ့ ပျူတွေ ကျူးလွန်သမျှကို လစ်လျူရှု့ထားပြီး ယခု မြင်ခြံမြို့ပေါ် ဖြစ်စဉ်ကတော့ ဟိုးလေးတကြော် ဖြစ်သွားတာကြောင့် နိုင်ငံရေးအရ ဟန်ပြအနေနဲ့ ခေါ်စစ်ပြတာ ဖြစ်မယ်လို့ ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။

“နာမှာကတော့ ပြည်သူတွေပါပဲဗျာ။ အခုဟာက သူတို့လူ သူတို့ အချင်းချင်းဆိုတော့လေ။ ပြီးတော့ တပ်ကလည်း သီတာယုမွန်ကို အသုံးချလို့ရတဲ့ အနေအထား ရှိနေတာဆိုတော့ ဖမ်းဆီး အရေးယူတာတွေ လုပ်မှာ မဟုတ်ပါဘူး။ မှတ်တမ်း ယူယုံလောက်ပဲပေါ့။ လက်ရှိမှာက မြို့ပေါ်မှာ အုပ်ချုပ်ရေး ကိစ္စတွေ လုပ်နေတာဆိုတော့ အဓိက,က သူတို့(စစ်အုပ်စု)အနေနဲ့က ဒီလိုမျိုး လက်လွတ်စပယ် လုပ်တာတွေ လက်သင့်မခံဘူးပေါ့။ နိုင်ငံရေးအရ အနည်းအကျဉ်း ဟန်ပြလုပ်ပြတဲ့ သဘောမျိုးလို့ပဲ ထင်ပါတယ်။ ဟန်ပြလုပ်ပြတဲ့ သဘောပါ”

မြင်းခြံမြို့နယ်မှာ ၂၀၂၅ ဒီဇင်ဘာကနေ အခု ၂၀၂၆ ဇူလိုင်လထိ ရှစ်လအတွင်း စစ်အုပ်စုနဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူတွေက ကျေးရွာ ၃၀ ကျော်ကို စီးနင်းလုယက်ကာ အိမ်ခြေ ၅၅၀၀ ကျော် မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီရွာတွေက ဒေသခံ ၁၀ ဦးကျော်ကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ခုနစ်ဦးကို ဖမ်းဆီး အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မြင်းခြံနယ် ပျူခေါင်းဆောင် သီတာယုမွန်နဲ့ နောက်လိုက်နောက်ပါတွေကို တွေ့ရစဉ်/Photo – သီတာယုမွန် တစ်တော့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #မြင်းခြံ #ပျူစောထီး

Related Articles

Back to top button