ကလေး-တမူးလမ်း တိုက်ပွဲပြင်းထန်နေချိန် စစ်အုပ်စုခန့် စစ်ကိုင်းဝန်ကြီးချုပ်နဲ့ အိန္ဒိယသံအမတ်တို့ ကလေးမြို့မှာတွေ့ဆုံ

ရွှေဥ/MFP၊ဇူလိုင်-၂၈
မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း ၊ကလေး-တမူးလမ်း(အာရှလမ်းမကြီး )တလျှောက် တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ စစ်အုပ်စုခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့ အိန္ဒိယသံအမတ်တို့ ကလေးမြို့မှာ တွေ့ဆုံခဲ့ကြတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်(၂၆)ရက်နေ့က ကလေးမြို့ ၊သိမ့်ဟိုတယ်ခန်းမမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်း အပါအဝင် အိန္ဒိယရောက် စစ်ရှောင်အရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲအကြောင်းသိရှိထားသူ ကလေးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။



“သိမ့်ခန်းမမှာ တွေ့ဆုံကြတာ ။စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပါတယ်။ အိန္ဒိယသံအမတ်ပါတယ်။ အဝေးပြေးလမ်းမကြီးစီမံကိန်း အကြောင်းတွေပါတယ်။အိန္ဒိယရောက်နေတဲ့ စစ်ရှောင်အရေးတွေပါတယ်။” လို့ ဆိုပါတယ်။
အဲဒီဆွေးနွေးပွဲကို စစ်အုပ်စုခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးကိုလေးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် (Mr.Abhay Thakur )၊စစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ဖလမ်းနဲ့ တီးတိန်မြို့နယ်တွေက ဘာသာရေးခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတချို့နဲ့ အဝေးပြေးလမ်းမကြီးစီမံကိန်းအဖွဲ့ အိန္ဒိယနိုင်ငံသား လမ်းလုပ်သားတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ဒီဘက်က ပြောတာက လမ်းပိုင်းဘယ်လောက်စိုးမိုးထားတယ်ဆိုတာ တင်ပြတယ်။ အိန္ဒိယနိုင်ငံလမ်းလုပ်သားတွေကလည်း တည်ငြိမ်ရေးကိုအဓိက ထားပြောတယ်။ အိန္ဒိယနိုင်ငံသား လမ်းလုပ်သားနှစ်ဦး ယာကြီးလမ်းမှာ မင်းကင်းက မြို့မရွာက PDF က ပြီးခဲ့တဲ့ သကြင်္န်ကာလမှာ ဖမ်းဆီးခံရတဲ့ အခြေအနေတွေကို တင်ပြတယ်။အဲ့လို တွေဖြစ်ရင် ဘယ်လို လုပ်မလဲဆိုတာ တင်ပြတယ်။လမ်းတွေ ဘယ်လောက်ပြီးစီးနေပြီဆိုတာ တင်ပြတယ်”ဆွေးနွေးပွဲအကြောင်း သိရှိထားသူ ကလေးမြို့ခံက ဆက်ပြောပါတယ်။
အဆိုပါ ဆွေးနွေးပွဲ ကျင်းပနေချိန်မှာ ကလေး-တမူးလမ်းမကြီးဖြစ်တဲ့ ဘုက္ကန် ၊ထင်းဇင် ကျေးရွာနဲ့ဝိတုတ် ကျေးရွာတွေမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်အုပ်စုက ကလေးမြို့ အဝင်အထွက်လမ်းမကြီးကို ပိတ်ဆို့ကာ လုံခြုံရေးတင်းကျပ်ထားတယ်လို့လည်း ကလေးမြို့ ပင်လုံရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။
“လေဆိပ်ရယ်၊ဆွေးနွေးပွဲ ကျင်းပတဲ့နေရာတွေကိုတော့ လုံခြုံရေးတင်းကျပ်ထားတယ်။ကလေးကနေ ချင်းဘက်တက်တဲ့လမ်းမှာလည်း လုံခြုံရေးတင်းကျပ်ထားတယ်”လို့ သူကဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မေလကုန်၊ဇွန်လဆန်းက သူ့ရဲ့အိန္ဒိယခရီးစဉ်အတွင်းမှာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းအပါအဝင်၊နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် နယ်စပ်ဂိတ်တွေ အမြန်ဆုံး ပြန်ဖွင့်နိုင်အောင် ကြိုးစားသွားမယ်လို့ ကတိကဝတ်တွေ ပေးခဲ့တာပါ။
အဲဒီနောက် ကလေး-တမူးလမ်းလမ်းကို စစ်ဆင်ရေးတစ်ရပ်အနေနဲ့ တရားဝင်ထုတ်ပြန်ကာ စစ်ကြောင်းထိုး ဗုံးကြဲတာတွေ အပြင်းအထန်လုပ်လာခဲ့ပြီး ကလေးမြို့ကနေ စစ်ကြောင်းတစ်ကြောင်း ၊တမူးမြို့ကနေ စစ်ကြောင်းတစ်ကြောင်း ၊မော်လိုက်မြို့ကနေ စစ်ကြောင်းတစ်ကြောင်းဆိုပြီး စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။
နှစ်လနီးပါးတိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က အရင်က တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ၅၆မိုင် ၊ရာဇဂြိုဟ် ၊ခုံသာ နန်မွန်းတားကျေးရွာ ၊အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) စခန်း ၊ခါမ်းပါတ်မြို့၊နန်းခေါက် ခေါက် ၊စော်ဘွားရေရှင် ၊ကျွန်းတောရေရှင် ကျေးရွာတွေကို စတဲ့ နေရာတွေနဲ့ လမ်းပိုင်းအများစုကို ပြန်လည်ထိန်းချုပ်သွားပါတယ်။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းကို အိန္ဒိယနိုင်ငံက ဦးဆောင်ကာ အိန္ဒိယငွေ ရူပီး ခန့်မှန်း ၁၂ ဘီလီယံ အကုန်အကျခံကာ ဖောက်လုပ်နေတာဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ မိုရေး (Moreh) မြို့ကနေတစ်ဆင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ် နေရာတွေကို ဖြတ်သန်းကာ (တမူး – ကလေး – ကလေးဝ – မင်းကင်း – ယာကြီး – ကနီ – မုံရွာ – မန္တလေး – မိတ္ထီလာ – နေပြည်တော် – ပဲခူး – မြဝတီ လမ်းမကြီး) အတိုင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မဲဆောက် (Mae Sot) မြို့ကို ဆက်သွယ်ထားတာ ဖြစ်ပါတယ်။
ဇူလိုင်လ ၂၆ ရက်နေ့က ကလေးမြို့မှာ အိန္ဒိယသံအမတ်နဲ့ စစ်အုပ်စုခန့် စစ်ကိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့စဉ်/ ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံး



