
ရပ်ကွက်က တိုင်ကြားတာ မဟုတ်ဘဲ တရုတ်ဘက်က ဖမ်းခိုင်းတာလို့ သတင်းထွက်၊
မာကျူရီ/MFP၊ စက်တင်ဘာ – ၅
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ လမ်း ၈၀ ပေါ်ရှိ တရုတ်တွေ ဦးဆောင်တဲ့ ကျားဖြန့်ရုံ (ငွေလိမ်လုပ်ငန်း)ကို အာဏာသိမ်း စစ်အုပ်စုက စီးနင်းဝင်ရောက် ဖမ်းဆီးပြီး လူ ၁၀ ဦးခန့် ဖမ်းခေါ်သွားတယ်လို့ သတင်း ရရှိပါတယ်။
စက်တင်ဘာ ၂ရက် မနက် ၁၀နာရီအချိန်၊ မန္တလေးမြို့၊ မဟာအောင်မြေမြိုနယ်၊ လမ်း ၈၀၊ ၃၉ လမ်းနဲ့ လမ်း ၄၀ လမ်းကြား၊ လမ်းအနောက်ဘက်ခြမ်းရှိ အညိုရောင် သုံးထပ်တိုက် တစ်လုံးကို စစ်အုပ်စု လက်နက်ကိုင် စစ်သား၊ ရဲနဲ့ ပျုူစောထီးတွေက စီးနင်းပြီးနောက် တရုတ်တွေ အပါအဝင် လူ ၁၀ဦးခန့် ဖမ်းဆီးခဲ့တာလို့ စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရန်တွေမှာ ဖော်ပြပါတယ်။
အဲ့ဒီ ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က အသေးစိတ် ထုတ်ပြန်တာ မရှိသေးပါဘူး။
အဲ့ဒီ အိမ်မှာ ကျားဖြန့်လုပ်နေကြောင်း ရပ်ကွက်ဒေသခံတွေ မသိရှိသလို တိုင်ကြားတာလည်း မရှိဘဲ စစ်အုပ်စုက ဝင်ဖမ်းမှသာ အိမ်ထဲ လူတွေ အများကြီးနေထိုင်တယ်ဆိုတာ သိကြရတာလို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
“စစ်တပ်နဲ့ရဲလာဖမ်းမှ ကျားဖြန့်မှန်း သတင်းတွေ တက်လာတာ၊ အဲဒီတိုက်ထဲကနေ တရုတ်တွေကို အချုပ်ကား တစ်စီးစာလောက် ဖမ်းခေါ်သွားတာ တွေ့ရမှ အဲဒီတိုက်မှာ လူအများကြီး ရှိမှန်း သိရတာ၊ အရင်က တစ်ယောက်၊ နှစ်ယောက် လောက်ပဲ အပြင်ထွက်တာ တွေ့ရတော့ အဲလောက်အများကြီး မရှိဘူး ထင်နေတာ၊ ဒီလောက် တရုတ်တွေ လျို့ဝှက်လုပ်နေတာ အွန်လိုင်းကျွဲဂိမ်းလောင်းကစားနဲ့ ကျားဖြန့်ပဲ ဖြစ်မှာပါ”
အဲ့ဒီ မန္တလေးမြို့လယ်က ကျားဖြန့် ဖမ်းဆီးမှုကို တရုတ်ကောင်စစ်ဝန်ရုံးဘက်က ခိုင်းစေလို့ စစ်အုပ်စုက ဖမ်းပေးရတာလို့ သတင်းကြားကြောင်း မြို့ခံနောက်တစ်ဦးက MFP ကို ပြောပါတယ်။
“ဖမ်းခံရတဲ့သူတွေက ကျားဖြန့် သံသယရယ်၊ တရုတ်ပြည်မကြီးဘက်ကလို့ ကြားတယ်၊ ဒီကိစ္စမှာ တရုတ်သံရုံး ဝင်လာတယ်လို့ ကြားနေရတယ်”

တရုတ်က ဖမ်းခိုင်းတာ ဟုတ်၊မဟုတ်နဲ့ ကျားဖြန့်ဂိုဏ်း ဟုတ်၊ မဟုတ်ကို MFP အနေနဲ့ အတည် မပြုနိုင်သေးပါဘူး။
အဲ့ဒီ စစ်အုပ်စု စီးနင်းဖမ်းဆီးတဲ့ မန္တလေးမြို့လယ် လမ်း ၈၀ ပေါ်က သုံးထပ်တိုက်ကို ချိတ်ပိတ်တာမျိုး မတွေ့ရဘူးလို့လည်း မြို့ခံတွေက ပြောပါတယ်။
အဲ့ဒီအိမ်ကို စီးနင်းဖမ်းဆီးတဲ့ စစ်အုပ်စုက တရုတ်တွေကို အချုပ်ကားပေါ် ဆွဲတင်သွားသလို ကွန်ပျူတာ၊ လက်ပ်တော့နဲ့ ဖုန်း အပါအဝင် အိမ်ထဲရှိ ပစ္စည်းတွေကိုတော့ ထုပ်ပိုးပြီး စစ်အုပ်စု ရဲနဲ့ အရပ်ဝတ်တွေက သယ်ထုတ်သွားတယ်လို့ ဆိုပါတယ်။
ရှမ်းမြောက်၊ ဝ ဒေသရှိ ကျားဖြန့်လုပ်ငန်းတွေကို တရုတ်က နှိမ်နင်းချိန် ကျားဖြန့်လုပ်ငန်းတချို့ မန္တလေး အပါအဝင် မြန်မာပြည်အတွင်းပိုင်းထဲ စိမ့်ဝင်လာတယ်လို့ သတင်းထွက်နေပါတယ်။
ဒါပေမယ့် စစ်အုပ်စုကတော့ မန္တလေးမြို့မှာ အခုလို ကျားဖြန့် ဖမ်းဆီးတာမျိုး ယခင်က မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၄ ဇွန်လကတော့ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဃ ရပ်ကွက်၊ ၆၁ လမ်းနဲ့ ၆၂ လမ်းကြား၊ ၁၁၇ လမ်းက နေအိမ်တစ်လုံးမှာ တရားမဝင် အွန်လိုင်း လောင်းကစား လုပ်ကိုင်နေသူ ၁၂ ဦးကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။ အဲ့ဒီ ဖမ်းမိသူတွေဟာ အမျိုးသမီး ရှစ်ဦးနဲ့ အမျိုးသား လေးဦး၊ စုစုပေါင်း ၁၂ ဦး ဖြစ်ပြီး ရှမ်းမြောက်၊ ကိုးကန့်ဒေသ လောက်ကိုင်နဲ့ တာမိုးညဲ ဒေသကနေ မန္တလေးကို လာရောက် လုပ်ကိုင်သူတွေ ဖြစ်တယ်လို့ စစ်အုပ်စုက ဆိုပြီး အွန်လိုင်ငွေလိမ်းလုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေတာ ဟုတ်၊ မဟုတ်ဆိုတာကိုတော့ စစ်အုပ်စုက အသေးစိတ် မဖော်ပြပါဘူး။ အဲ့ဒီ ဖမ်းဆီးမှုအတွင်း အိမ်ရှင် အပါအဝင် တရားခံ ၁၂ ဦးတို့အား တရားမဝင် Online လောင်းကစား ပြုလုပ်ရာမှာ အသုံးပြုတဲ့ Laptop (လက်ပ်တော့) မျိုးစုံ ခြောက်လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၆၃ လုံး၊ မြန်မာငွေစက္ကူ ၁၁၀ သိန်းကျပ်၊ နိုင်ငံသား စိစစ်ရေး ကတ် ခြောက်ခု၊ အခြား ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာလို့ စစ်အုပ်စုက ဆိုပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလနောက်ပိုင်း ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ အပါအဝင် ရှမ်းမြောက်ရှိ မြို့တွေမှာ အခြေပြုတဲ့ ကာစီနိုနဲ့ လောင်းကစား လုပ်ငန်း အများအပြား မန္တလေးနဲ့ မေမြို့ကို ပြောင်းရွှေ့ ဖွင့်လှစ် လုပ်ကိုင်တာ တွေ့ရတယ်လို့ ဒေသခံတွေက MFP ကို သတင်းပေးပို့ပါတယ်။
စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ ရှိရာ မန္တလေးမြို့နဲ့ စစ်တက္ကသိုလ်တွေ ရှိရာ မေမြို့က ဟိုတယ်တွေ၊ အိမ်ယာတွေနဲ့ အဆောက်အဦးတွေမှာ ကာစီနိုရုံတွေ၊ လောင်းကစားဝိုင်းတွေ တွင်တွင်ကျယ်ကျယ် ဖွင့်လှစ် လုပ်ကိုင်နေကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။

(ပုံဟောင်း) ၂၀၂၄ ဇွန်လက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ အိမ်တစ်အိမ်မှာ တရားမဝင် အွန်လိုင်း လောင်းကစား လုပ်ကိုင်နေသူ ၁၂ဦးကို စစ်အုပ်စုက ဖမ်းဆီးခဲ့စဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#စစ်ကိုင်း #အညာ #မန္တလေး #တရုတ်



