တော်လှန်ရေး သူရဲကောင်းတွေရဲ့ စွန့်လွှတ်၊ စွန့်စားမှုကို ထာဝစဉ် အမှတ်ရပြီး စံပြုစေဖို့ စစ်ဘက်ဆိုင်ရာ ဘွဲ့၊ တံဆိပ်တွေ ချီးမြှင့်တာလို့ ဝန်ကြီး ဦးရည်မွန် ပြော၊

တော်လှန်ရေးကာလတလျှောက် ပါဝင်ဆင်နွှဲတဲ့ ရဲဘော်နဲ့ ပြည်သူတွေကိုလည်း ဂုဏ်ယူတယ်လို့ ဆို၊
ဒေါ်လာ/MFP၊ စက်တင်ဘာ – ၇
ပြည်သူ့ကာကွယ်ရေး တပ်မတော် – PDF တည်ထောင်ခြင်း ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် တော်လှန်ရေး ရဲဘော် ၁၇၉၀ ကျော်ကို စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ချီးမြှင့်တာ ဟာ သူရဲကောင်းတွေရဲ့ စွန့်လွှတ်၊ စွန့်စားမှုကို ထာဝစဉ် အမှတ်ရပြီး စံပြုစေဖို့အတွက် ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် က ပြောပါတယ်။
ဆု၊ တံဆိပ်နဲ့ ဘွဲ့တွေ ချီးမြှင့် မခံရပေမယ့် တော်လှန်ရေးကာလ ငါးနှစ်တာတလျှောက်လုံး ခုခံတွန်းလှန်စစ်မှာ ဆက်လက် ပါဝင် ဆင်နွှဲနေကြတဲ့ တော်လှန်ရေး ရဲဘော်အားလုံးနဲ့ တော်လှန်ပြည်သူ တရပ်လုံးကိုလည်း အထူးပင် ဂုဏ်ယူလေးစား မှတ်တမ်းတင်ပါတယ်လို့ ဦးရည်မွန်က စက်တင်ဘာ ၇ရက် ဒီကနေ့ ပြုလုပ်တဲ့ စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနဲ့ တံဆိပ် ချီးမြှင့်ပွဲမှာ ပြောပါတယ်။
“ဂုဏ်ပြုချီးမြှင့်ထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းဟာ မင်္ဂလာတစ်ပါး ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ မှတ်ယူထားတာမို့ စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့နှင့် ဆုတံဆိပ်များကို အောက်ပါ ရည်ရွယ် ချက်များဖြင့် ချီးမြှင့်အပ်နှင်းခြင်း ဖြစ်ပါတယ်” လို့ ဝန်ကြီး ဦးရည်မွန်က ဆိုပါတယ်။
ဘွဲ့၊တံဆိပ်ရရှိသူတွေရဲ့ စွန့်စားမှုနှင့် သစ္စာရှိမှုကို တပ်မှူး၊ ရဲဘော်တွေက အားကျ အတုယူဖွယ် စံပြု ပုံရိပ်အဖြစ် ဖော်ဆောင်ဖို့၊ တော်လှန်ရေးကာလအတွင်း တာဝန်ကျေပွန်ခဲ့သူတွေကို နိုင်ငံတော်ရဲ့ အမြင့်ဆုံး ဂုဏ်ပြုမှုနဲ့ အသိအမှတ်ပြုပြီး သူတို့ရဲ့ စွမ်းဆောင်ချက်တွေ မပျောက်ပျက်အောင် မှတ်တမ်း တင်ဖို့၊ ကျဆုံး/ ကိုယ်အင်္ဂါစွန့်လွှတ် သူရဲကောင်းတွေရဲ့ မိသားစုတွေကို နိုင်ငံတော်က ကျေးဇူး သိတတ်သော အားဖြင့် စိတ်ဓာတ်ရေးရာနှင့် အနာဂတ် လူမှုဘဝလုံခြုံမှုကို ဖြည့်ဆည်း ပေးဖို့၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအတွက် အသက်ပေးဆပ်ခဲ့ကြသူတွေကို ထာဝစဉ် အမှတ်ရနေစေ ဖို့နဲ့ နိုင်ငံတော်အတွက် ပေးဆပ်တိုက်ပွဲဝင်မှုနှင့် ရရှိလာတဲ့ အောင်ပွဲတွေရဲ့ တန်ဖိုးကို ပြည်သူလူထု တစ်ရပ်လုံးက လေးစားတန်ဖိုးထားတတ်စေဖို့ ရည်ရွယ်ကာ ဘွဲ၊ ဆုနဲ့တံဆိပ်တွေ ချီးမြှင့်တာလို့ ဆိုပါတယ်။


MOD၊ PDF နဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ – PDO တို့ရဲ့ တပ်ဖွဲ့ဝင်တွေ၊ အကြမ်းဖက် စစ်အုပ်စုကို လက်နက်စွဲကိုင် ခုခံတွန်းလှန်နေတဲ့ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တပ်ဖွဲ့ဝင်တွေ၊ တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေကို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆု၊ တံဆိပ် ချီးမြှင့်အပ်နှင်းခံထိုက်တဲ့ ပုဂ္ဂိုလ်တွေအဖြစ် သတ်မှတ်ပြီး ဂုဏ်ပြုချီးမြှင့်တာလို့လည်း ဦးရည်မွန်က ပြောပါတယ်။
တော်လှန်ရေး စံနမူနာပြ ဂုဏ်ပြုထိုက်သူများအား ဘွဲ့၊ ဆုနှင့်တံဆိပ် ငါးမျိုးဖြစ်တဲ့ ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (Honor of People’s Revolution/HPR)၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (Legend of People’s Revolution/LPR)၊ ပြည်သူ့ဇာနည်ဆု (People’s Medal for Noble Service/PMNS)၊ ပြည်သူ့သားကောင်းဆု (People’s Medal for Loyal Service/PMLS)၊ တော်လှန်ရေး အမှုထမ်းကောင်း တံဆိပ် (Badge of Revolutionary Service – BRS) တို့ ချီးမြှင့်အပ်နှင်းတာ ဖြစ်ပြီး HPR ဘွဲ့ ရရှိသူ တစ်ဦး၊ LPR ဘွဲ့ ရရှိသူ ၂၁ ဦး၊ PMNS ဆု ရရှိသူ ၁၆၄၇ ဦး၊ PMLS ဆု ရရှိသူ ၈၁ ဦးနဲ့ BRS တံဆိပ် ရရှိသူ ၄၂ ဦး ရှိတယ်လို့ NUG က ထုတ်ပြန်ပါတယ်။
ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ HPR အတွက် အမှတ်(၁) စစ်ဒေသ၊ စစ်ဒေသမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွန်း အား NUG က ချီးမြှင့်ခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွန်းဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တည်ဆောက်ရေး၊ မဟာမိတ် ပူးပေါင်း ဆောင်ရွက်ရေး၊ ဗျူဟာမြောက် စစ်ဆင်ရေးတွေမှာ ဦးဆောင်ကွပ်ကဲသူ၊ တော်လှန်ရေးနဲ့ ဆီလျော်တဲ့ စစ်မဟာဗျူဟာ ချမှတ်ပြီး လက်တွေ့ အကောင်အထည် ဖော်သူ၊ စစ်မြေပြင်အတွင်း ရဲဘော်တွေနဲ့အတူ တသားတည်း တိုက်ပွဲဝင်ကာ မိမိရဲ့ အသက် နှင့် အကျိုးစီးပွားကို အဆုံးစွန်ထိ စွန့်လွှတ်သူ၊ စစ်ရေးဦးဆောင်မှုပြုရာမှာ တော်လှန်ရေး တပ်မှူးတွေနဲ့ ရဲဘော်တွေအတွက် စံနမူနာပြုထိုက်သူ ဖြစ်တယ်လို့ ဦးရည်မွန်က ပြောပါတယ်။
“ဒီနှစ် သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်များ ချီးမြှင့်ရာမှာ အဓိကအားဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ရုံးချုပ်ကို အချိန်မီရောက်ရှိလာတဲ့ အဆိုပြုလွှာများအပေါ်မှာ အခြေခံပြီး စိစစ် ရွေးချယ် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် အဆိုပြုလွှာများ အချိန်မီမရောက်ရှိတဲ့အတွက် ဒီနှစ် သူရဲကောင်း၊ ဘွဲ့၊ တံဆိပ် ချီးမြှင့်မှု အစီအစဉ်မှာ ကျန်ရစ်တဲ့ ရဲဘော်များလည်း ရှိနိုင်ပါတယ်။ ဒီရဲဘော်တွေကို လာမည့်နှစ် သူရဲကောင်းဘွဲ့၊ ဆု၊ တံဆိပ် ချီးမြှင့် အပ်နှင်းခြင်းအစီအစဉ်မှာ ထည့်သွင်း ချီးမြှင့် ပေးသွားမှာလည်း ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် စစ်ဘက် ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ် ချီးမြှင့်ခြင်းအစီအစဉ်ကို နှစ်အလိုက် ချီးမြှင့်ပေးဖို့ ရည်ရွယ်ထားတယ် ဆိုတာလည်း အသိပေးလိုပါတယ်” လို့ ဦးရည်မွန်က ဆိုပါတယ်။
ဒါ့အပြင် ဆုတံဆိပ် ချီးမြှင့်မခံရပေမယ့် တော်လှန်ရေးကာလ ငါးနှစ်တာတလျှောက်လုံး ခုခံ တွန်းလှန်စစ်မှာ ဆက်လက် ပါဝင် ဆင်နွှဲနေကြတဲ့ တော်လှန်ရေး ရဲဘော်အားလုံးနဲ့ တော်လှန်ပြည်သူ တရပ်လုံးကို ဂုဏ်ယူလေးစားကြောင်း ဦးရည်မွန်က ဆိုပါတယ်။


“ဒီနေရာမှာ အထူးတလည် ပြောကြားလိုတာက ဒီနေ့အခမ်းအနားမှာ ဘွဲ့ဆုတံဆိပ်များ မရရှိခဲ့သော် လည်း တော်လှန်ရေး ငါးနှစ်တာ ကာလတလျှောက်လုံး မိမိတို့ကျရာ ကဏ္ဍအသီးသီးမှနေ၍ အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာ ရွပ်ရွပ်ချွံချွံဖြင့် ခုခံတွန်းလှန်စစ်ကို ယနေ့တိုင် ဆက်လက်ပါဝင် ဆင်နွှဲနေကြတဲ့ တော်လှန်ရေး ရဲဘော်အားလုံးနှင့် တော်လှန်ပြည်သူ တရပ်လုံးကိုလည်း အထူးပင် ဂုဏ်ယူလေးစား မှတ်တမ်းတင် အပ်ပါတယ်။ တော်လှန်ရေးခရီးကြမ်းမှာ ဆုတံဆိပ်များထက် ပြည်သူ့ လွတ်မြောက်ရေး ကိုသာ ရှေးရှုပြီး တိုက်ပွဲဝင်နေ ကြတဲ့ ရဲဘော်တစ်ဦးချင်းစီရဲ့ ပေးဆပ်မှုများအတွက် အတိုင်းမသိ ကျေးဇူးတင် ဂုဏ်ယူပါကြောင်း ပြောလိုပါတယ်”
NUG က ပေးအပ်တဲ့ စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနဲ့ တံဆိပ် ရရှိသူ စုစုပေါင်း ၁,၇၉၂ ဦး ရှိပြီး PDF ၁,၄၄၂ ဦး၊ PDO ၃၂၄ ဦးနဲ့ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းတွေက ၂၆ ဦး ဖြစ်ကာ အဲ့ဒီအထဲ စစ်ဒေသ၊ တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့အလိုက် ချီးမြှင့်မှု ၄၅ ဖွဲ့ ပါဝင်တယ်လို့ ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#စစ်ကိုင်း #အညာ #မန္တလေး #NUGဘွဲ့



