
ကားဝပ်ရှော့က လုပ်သားတွေ အများဆုံး ထိခိုက်သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိ၊
လှိုင်း၊ မောင်သက်/MFP၊ စက်တင်ဘာ – ၇
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ တင်းတိန်ရံကျေးရွာ စျေးတန်းနဲ့ ကားဝပ်ရှော့တွေကို အာဏာသိမ်း စစ်အုပ်စုက ရဟတ်ယာဉ်၊ Gyrocopter (ဂျိုင်အိုကော်ပတာ)တွေနဲ့ အုပ်စုဖွဲ့ ပျံဝဲကာ ၁၄ ကြိမ်အထိ ဗုံးကြဲသတ်ဖြတ်လို့ အမျိုးသမီးတွေ အပါအဝင် အရပ်သားပြည်သူ ခုနှစ်ဦး သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စက်တင်ဘာ ၇ရက် ဒီကနေ့ ညနေ ၅နာရီကျော်အချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခက တက်လာတဲ့ ဂျိုင်အိုကော်ပတာ သုံးစင်း၊ MI-35P တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးနဲ့ ရေဦးနယ် အနောက်တောင်ခြမ်းရှိ တင်းတိန်ရံကျေးရွာ စျေးတန်းနဲ့ ကားဝပ်ရှော့တွေကို ၁၄ကြိမ်အထိ ဗုံးပတ်ကြဲခဲ့တာလို့ ဆိုပါတယ်။
“တင်းတိမ်ရံရွာက ဝပ်ရှော့ကို နမခကနေ တက်လာတဲ့ Mi 35 နဲ့ ဂျိုင်ရိုကော်ပတာတွေက ဗုံးကြဲ သွားတာပါ။ ဝပ်ရှော့ဆရာကတော့ ခေါ-င်း-ပြ-တ်သွားတယ်။ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား ခြောက်ဦး သေသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေ အများကြီးပဲ။ သုံးဦးကတော့ ပြင်းထန်တယ်။ ဝပ်ရှော့ဆိုတော့ ကားတွေလည်း ပျက်စီးကုန်တယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

တင်းတိန်ရံရွာမှာ တိုက်ပွဲမရှိ၊ စစ်ရေးလှုပ်ရှားတာ မရှိဘဲ စစ်အုပ်စုက အကြောင်းမဲ့ လူမဆန်စွာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
မင်အောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ အကြောင်းမဲ့ ဗုံးကြဲသတ်ဖြတ်နေလို့ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိပြုကြဖို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။


ရေဦးမြို့နယ် ကျေးရွာပေါ်ကို စစ်အုပ်စုက ၁၄ ကြိမ် ဗုံးကြဲလို့ ထိခိုက်သေဆုံးတဲ့ ပြည်သူတွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #ရေဦး #တင်းတိန်ရံ



