
စစ်အုပ်စုက မြင်းခြံ ငါန်းဇွန်နယ် ဘုန်းကြီးကျောင်းတွေပေါ် မကြာခဏ ဗုံးကြဲနေ၊
MN/MFP ၊ စက်တင်ဘာ – ၈
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေထိုင်ရာ ဘုန်းကြီးကျောင်းကို အာဏာသိမ်း စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲလို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ် အပါအဝင် လေးဦး ပွဲချင်းပြီး သေဆုံးကာ အများအပြား ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စက်တင်ဘာ ၆ ရက်က ငါန်းဇွန်မြို့ပေါ်ကနေ ထွက်လာတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ ငါန်းဇွန်-မြို့သာ လမ်းဘေးရှိ မြောက်ကျင်းရွာနဲ့ အဲဒီရွာမြောက်ဘက်ရှိ ရွာသစ်တော တောရဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ငါန်းဇွန်မြို့ပေါ်က ထွက်လာတဲ့ (စခ)တွေက နတ်သားတောရွာကို စစ်ကြောင်းထိုး ဝင်လာတာ။ အဲဒီ ရွာထဲကနေပြီးတော့ ဒရုန်းတွေနဲ့ လွှတ်ပြီးတော့ ဗုံးသီး နှစ်လုံးချတာ။ ရွာသစ်တောဆိုတဲ့ စစ်ဘေးရှောင်တွေ ရှိနေတဲ့ ဘုန်းကြီးကျောင်းနဲ့ မြောက်ကျင်းရွာကို ၁၂၀ မမ ဗုံးသီး နှစ်လုံးချသွားတာ။ ဘာတိုက်ပွဲမှ မရှိဘဲနဲ့ (စခ)တွေက သက်သက်မဲ့ ယုတ်မာပြီးတော့ စစ်ရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းကို ဗုံးသီးချတာ။ အဲဒီမှာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော် မူတယ်။ စစ်ရှောင်တွေ ထဲက မြေအဖွား နှစ်ယောက် သေတယ်။ မြောက်ကျင်းရွာက တစ်ယောက်နဲ့ဆို အားလုံးပေါင်း လေးယောက် သေဆုံးတာပါ” လို့ ငါန်းဇွန်နယ်ခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
ရွာသစ်တော တောရကျောင်း ကျောင်းထိုင်ဆရာတော် သက်တော် ၆၅ နှစ်၊ ဝါတော် ၄၆ ဝါရှိ ဦးပညာဇောတ ဟာ စစ်အုပ်စု ကြဲချတဲ့ ဗုံးထိမှန်လို့ နေရာမှာတင် ပျံလွန်တော်မူပြီး ကျောင်းအတွင်း စစ်ဘေးရှောင် ခိုလှုံနေထိုင်ကြတဲ့ ဂျိုကျေးရွာက အသက်ရှစ်နှစ်နဲ့ အသက် ၅၀ ကျော် မြေအဖွားနှစ်ဦး၊ မြောက်ကျင်းရွာက အသက် ၄၀ ကျော် အမျိုးသမီး တစ်ဦးတို့လည်း ပွဲချင်းပြီး သေဆုံးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘုန်းကြီးကျောင်းထဲမှာ စစ်ဘေးတိမ်းရှောင် ခိုလှုံနေကြသူတွေထဲက နောက်ထပ် ၁၀ ဦးကျော် လည်း ဒဏ်ရာ အပြင်းအထန် ရကြပြီး တချို့က ခြေ၊လက်တွေ ပြတ်တောက်ကာ အသက်အန္တရာယ် စိုးရိမ်နေကြရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ယခုလတွေအတွင်း မြင်းခြံနဲ့ ငါန်းဇွန်နယ်ရှိ ဘုန်းကြီးကျောင်းတွေကိုပါ ပစ်မှတ်ထားကာ ဗုံးကြဲနေတာ ဖြစ်ပြီး ယခုဖြစ်စဉ် အပါအဝင် လွန်ခဲ့တဲ့ ငါးလအတွင်း မြင်းခြံနယ်ထဲ ဗုံးကြဲခံရလို့ ရဟန်းသံဃာနဲ့ ကလေးသူငယ် အပါအဝင် ၁၂ ဦး သေဆုံးတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
စက်တင်ဘာ ၇ရက် မနေ့က နေ့လယ်ပိုင်းမှာလည်း ငါန်းဇွန်နယ်အနောက်ခြမ်းရှိ သားကျင်ရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ ပြည်သူ ထိခိုက်မှု မရှိပေမဲ့ ဘုရားစေတီတွေ ထိခိုက် ပျက်စီးသလို နေအိမ်တွေပါ မီးလောင်ပျက်စီးတယ်လို့ ဆိုပါတယ်။
မြင်းခြံနယ်ထဲ စစ်ကြောင်းထိုးရင်း ငါန်းဇွန်မြို့ကို စီးနင်းထားတဲ့ စစ်အုပ်စုဟာ ရိက္ခာပြတ်ပြီး ငတ်လာတိုင်း ငါန်းဇွန်-မြို့သာ လမ်းဘေးဝဲယာတလျှောက် ကျေးရွာတွေကို စီးနင်းကာ ဆန်၊ဆီ၊ အိမ်မွေးတိရစ္ဆာန်၊ စတဲ့ စားသောက်စရာနဲ့ တန်ဘိုးရှိပစ္စည်း ဖောက်ထွင်းခိုးယူ လုယက်တာ၊ လူသတ်တာ၊ မီးရှို့တာ၊ လမ်းသွားလမ်းလာပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာတွေ ကျူးလွန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #ရေဦး #တင်းတိမ်ရံ



