စစ်ကိုင်းသတင်း

စစ်ကိုင်း ကလေးမြို့မှာ မိသားစုဝမ်းရေး ဖားရှာ၊ငါးရှာတဲ့ ရှစ်တန်း‌‌ကျောင်းသား တစ်ဦး မိုင်းနင်းမိ သေဆုံး၊

ရွှေဥ/MFP၊ စက်တင်ဘာ – ၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ မိုးရွာရေကြီးနေချိန် ရှစ်တန်း‌‌ကျောင်းသားတစ်ဦး ကျောင်းပိတ်ရက်မှာ မိသားစု စားဝတ်နေရေးအတွက် ဖားရှာငါးရှာသွားရင်း မိုင်းနင်းမိ ပေါက်ကွဲကာ ဒဏ်ရာရပြီး အချိန်မီ ဆေးကုသခွင့်မရလို့ သွေးထွက်လွန် သေဆုံးတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

စက်တင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကလေးမြို့နယ်၊ တင်သားကျေးရွာနေ ရှစ်တန်းကျောင်းသား မောင်ကောင်းခန့်ဇော်ဟာ ရွာအနီးဝန်းကျင် တောတောင်ထဲ ဖားရှာ၊ငါးရှာ ထွက်ရင်း မိုင်းနင်းမိကာ ဒဏ်ရာရ သေဆုံးတာလို့ ဆိုပါတယ်။

“ဒဏ်ရာတွေကတော့ ခြေထောက် ဘက်ဘက်မှာလည်း ဒဏ်ရာရတယ်။ သွေးတွေက အများကြီး ထွက်တယ်။ ဆေးခန်းကိုတော့ ပို့သေးတယ်။ သွေးထွက်တာတွေကော၊ ဒဏ်ရာက ပြင်းတော့ ဆေးခန်းမှာတင် ဆုံးတာ၊ ဆရာတို့လည်း ကြိုးစားကုကြတယ်။ မီကိုမမီတော့တာ။ လမ်းက ဆိုးတော့ ဆေးခန်းရောက်ဖို့ ကြာတာတွေလည်း ပါတာပေါ့”

အဲ့ဒီ တင်သားကျေးရွာအနီး စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပြး ရွာကိုလည်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တလှည့်စီ သိမ်းပိုက်နေကာ လက်ရှိမှာတော့ စစ်အုပ်စုက ရွာကို စီးနင်း ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

ကျောင်းသားလူငယ် နင်းမိတဲ့ မိုင်းဟာ တိုက်ပွဲတွေဖြစ်ပွားချိန် တောတောင်အတွင်း ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန် ဖြစ်နိုင်သလို ရေကြီးချိန် မျောပါလာတဲ့ မိုင်းလည်း ဖြစ်နိုင်ပြီး စစ်အုပ်စု ထောင်တာ ဟုတ်၊ မဟုတ်ဆိုတာတော့ မသိရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မိုင်းက တောထဲ အကျန်တွေက ပေါက်တာ။ ဘယ်သူထောင်တာကတော့ မသိရဘူး၊ အခုက အလုပ်အကိုင်တွေ ရှားကြတော့ ရေတက်လာရင် ဖားရိုက်၊ငါးရိုက် ထွက်ကြတယ်။ အခုလည်း ရေက တက်နေတာ၊ သူလည်း ဖားရှာ၊ငါးရှာ ထွက်ရင်း ဖြစ်တာပဲ၊ အဲ့ဒီ ကလေးက မိသားစု လုပ်ကျွေးနေတဲ့ ကလေးပါ၊ စိတ်သဘောထားလည်း ကောင်းတယ်”

စစ်အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း ကလေးမြို့နယ်မှာ မြေမြုပ်မိုင်း၊ လက်လုပ်မိုင်းနဲ့ စစ်ကျန် လက်နက် ပစ္စည်းတွေ ပေါက်ကွဲမှုတွေကြောင့် သေဆုံးသူ အရပ်သား ၁၀ ဦး ရှိပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးကာ ဒုက္ခိတဖြစ်ရသူ ၂၀ ကျော် ရှိတယ်လို့ ဒေသတွင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

၂၀၂၄ ဇူလိုင်က ကလေးမြို့နယ် ထိုမာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးသီး ဆော့ကစားမိရာက အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသလို သြဂုတ်လမှာလည်း ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်မှာ လက်လုပ်မိုင်း ပေါက်ကွဲကာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေမှာ စစ်အုပ်စုရော တော်လှန်ရေးတပ်တွေကပါ မိုင်းကို အလွန်အကျွံ အသုံပြုနေကြပြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုကတော့ ပြည်သူတွေ မိုင်းထိစေဖို့ တမင်ရည်ရွယ်ကာ ရွာထဲ၊ နေအိမ်တွေထဲ မိုင်းထောင်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်ကစလို့ မြန်မာဟာ မိုင်းကြောင့် ထိခိုက်သေဆုံးမှု ကမ္ဘာ့နံပတ် ၁ နိုင်ငံ ဖြစ်လာကာ နေပြည်တော်က လွဲပြီး တစ်နိုင်ငံလုံးနီးပါးမှာ မြေမြှုပ်မိုင်းတွေ ရှိနေတယ်လို့ နိုင်ငံတကာ စောင့်ကြည့်အဖွဲ့အစည်းတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်‌တွေကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူ ၁၀၀၃ ဦး ရှိခဲ့ပြီး ကမ္ဘာတဝှမ်း အများဆုံးဖြစ်ကာ ဆီးရီးယားနိုင်ငံက ဒုတိယ အများဆုံးနဲ့ အာဖဂန်နစ္စတန် နိုင်ငံက တတိယအများဆုံး ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာခရိုင် ကျေးရွာတစ်ရွာမှာ အာဏာသိမ်း စစ်အုပ်စု ထောင်ထားတဲ့ မိုင်းတစ်လုံး/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ကလေးမြို့ #Landmineမိုင်း

Related Articles

Back to top button