
ကျောင်းသားတွေနဲ့ စစ်မှုထမ်း လူစားထိုး ထည့်ပြီးသူတွေပါ စာရင်းထဲ ပြန်ပါလာ၊
အုပ်ကြီးသစ်တွေ အာဏာပြပြီး စစ်အုပ်စုအလိုကျ မဲနှိုက်ခိုင်း၊ ပေါ်တာဆွဲကာ လူသစ်ပိုစုပေးနေ၊
မာကျူရီ/MFP ၊ စက်တင်ဘာ – ၁၂
မန္တလေးမြို့မှာ အာဏာသိမ်း စစ်အုပ်စု သစ္စာခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး (အုပ်ကြီး) အသစ်တွေ အာဏာ ပြကာ ရပ်ကွက်တိုင်းကို ဒုတိယအကြိမ် စစ်မှုထမ်း မဲနှိုက်ခိုင်းပြီး စစ်သားသစ် စုဆောင်းနေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
အုပ်ကြီးအသစ်တွေက စစ်မှုထမ်း မဲစာရင်းအသစ်တွေ လုပ်ကာ ရပ်ကွက်တိုင်းကို ဒုတိယအကြိမ်အဖြစ် စစ်မှုထမ်း မဲနှိုက်ခိုင်းနေတာ ဖြစ်ပြီး အသက် ၁၈နှစ်ပြည့်တဲ့ ကျောင်းတက်နေဆဲ ကျောင်းသားတွေ မဲစာရင်းထဲ ပါလာသလို ယခင်လတွေအတွင်း စစ်မှုထမ်းမဲကျလို့ လူစားထိုး ထည့်သွင်းထားပြီး သူတွေလည်း မဲစာရင်းထဲ ပြန်လာတာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယခင် အုပ်ချုပ်ရေးမှူး အဟောင်းထံ ဆက်ကြေးပေးပြီး စစ်မှုထမ်း ကင်းလွတ်ခွင့် ရနေသူတွေ လည်း မဲစာရင်းထဲ ပြန်ပါလာလို့ မြို့ခံတွေ အခက်တွေ့နေကြတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
“မိတ်ဆွေတစ်ယောက်လည်း ပထမအကြိမ်မှာ အရင်အုပ်ကြီးက စစ်မှုထမ်း မဲပေါက်လို့ဆိုတော့ ကိုယ်စားဆိုပြီး ပိုက်ဆံ ပေးလိုက်ရတယ်။ အခု ဒုတိယအကြိမ် မဲစာရင်းမှာ ပြန်ပါလာတယ်၊ သက်သက်ကို ငွေရှာနေကြတာပါဗျာ” လို့ မန္တလေးမြို့ခံ တစ်ဦးက MFP ကို ပြောပါတယ်။

ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုကြောင့် အတန်းတက် နောက်ကျတဲ့ အခြေခံပညာ ကျောင်းတက်နေဆဲ ကျောင်းသားတွေကိုပါ စစ်အုပ်စုက စစ်မှုထမ်း မဲစာရင်းမှာ ထည့်သွင်းထားပြီး အထက်တန်းအဆင့် ကျောင်းတက်နေဆဲ သားဖြစ်သူရဲ့အမည် စာရင်းပါလာလို့ မဲသွားနှိုက်ခဲ့ရတယ် ကျောင်းသားမိဘ တစ်ဦးက MFP ကို ပြောပါတယ်။
ကျောင်းသားတွေ စစ်မှုထမ်း မဲစာရင်းထဲ ပါနေလို့ ထောက်ခံစာ ထုတ်ယူသူ များတယ်လို့လည်း ပညာရေးဝန်ထမ်း တစ်ဦးက MFP ကို ပြောပါတယ်။
“စစ်မှုထမ်းအမည်ပါလို့ ဆိုပြီး ဒီရက်ပိုင်း အခြေခံပညာသင်ယူနေဆဲ ကလေးတွေရဲ့ မိဘတွေက ထောက်ခံစာ လာယူကြတာတွေ ရှိတယ်”
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ဘောင်းဘီချွတ်ကာ ပုဆိုး ပြောင်းဝတ်ပြီးနောက် ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေမှာ သူ့ကို သစ္စာခံမယ့်သူတွေကို အုပ်ချုပ်ရေးမှူး အသစ်တွေအဖြစ် နေရာပေး ခန့်အပ်ခဲ့ပါတယ်။
မန္တလေးမြို့မှာ အုပ်ချုပ်ရေးမှူးအသစ်တွေ နေရာရလာပြီးနောက် အထက်ပါအတိုင်း စစ်သားသစ် ပိုမို စုဆောင်းလာတာလို့ မြို့ခံတွေက ပြောပါတယ်။
“အရင်လူ ကြောက်လို့၊ နောက်လူကို မဲထည့်လိုက်တာ သူ့ကျမှ ပိုဆိုးနေတယ်၊ ပေါ်တာဆွဲတာကလည်း မြို့ပေါ်မှာ နေရာအနှံ့မှာကို ဆိုးဆိုးရွားရွား ဖြစ်လာတယ်၊ ရပ်ကွက်ထဲက ကလေးဆို အိမ်ပေါ်ထိ တက်ဆွဲသွားတယ်၊ ကြောက်စရာ အရမ်းကောင်းတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ပေါ်မှာ ဩဂုတ်လအတွင်း ပေါ်တာဆွဲခံရသူ ၅၅ ဦးအထိ ရှိခဲ့ပြီး ဇူလိုင်လမှာ ပေါ်တာဆွဲခံရသူ ၁၁ ဦးသာ ရှိခဲ့ပါတယ်။ အဲ့ဒီ စာရင်းဟာ မန္တလေးမြို့ခံ မြေပြင်ကင်းထောက်အဖွဲ့ တစ်ခု ဖြစ်တဲ့ Voice of Mandalay (Vomdy)ရဲ့ ဖော်ပြချက်နဲ့ MFP က ရရှိတဲ့ အချက်အလက်တွေကို အခြေခံ တွက်ချက်တာ ဖြစ်ပြီး မြေပြင်မှာ ပေါ်တာဆွဲခံရသူ စာရင်း ပိုမိုများပြားနိုင်ပါတယ်။
မန္တလေးမြို့မှာ အုပ်ကြီးအသစ်တွေက လမ်းသွားလမ်းလာနဲ့ အလုပ်သွား အလုပ်ပြန်တွေကို ပေါ်တာ ဆွဲတာ၊ နေအိမ်ထဲအထိ စီးနင်းဝင်ရောက် ပေါ်တာဆွဲတာတွေ ပိုလုပ်လာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်မှုထမ်း အလှည့်ကျမဲပေါက်သူ လူစားထိုးထည့်ဖို့နဲ့ ပေါ်တာဆွဲခံရပါက ပြန်ရွေးထုတ်ဖို့ အုပ်ကြီးနဲ့ ပျူစောထီးတွေကို ပေးရတဲ့ ငွေပမာဏလည်း ပိုမိုများပြားလာပြီး ကျပ် သိန်း ၁၀၀ အထက် ပေးရတယ်လို့ ဆိုပါတယ်။
ယခုလက်ရှိ မန္တလေးမြို့ပေါ် ရပ်ကွက်တိုင်း ကျောင်းသားတွေပါမချန် စစ်မှုထမ်း မဲနှိုက်ခိုင်းတာဟာ အုပ်ကြီး အသစ်တွေက စစ်အုပ်စုကို မျက်နှာချိုသွေးဖို့နဲ့ ငွေရှာဖို့ အာဏာပြ ဂွင်ဆင်တာလို့ မြို့ခံတွေက သုံးသပ်ပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၄ မတ်လကစလို့ နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ လစဉ် လူ ၅၀၀၀ နှုန်း ပေါ်တာဆွဲ လူသစ်စုကာ ရက်တို စစ်သင်တန်း ပေးတာ ဖြစ်ပြီး လက်ရှိမှာ စစ်မှုထမ်း အပတ်စဉ် ၂၈အထိ ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။

စစ်အုပ်စုအတွက် အသေခံ စစ်သားသစ် ရရှိရေး ပြီးခဲ့တဲ့ လပိုင်းက မန္တလေးမြို့ခံတွေကို အုပ်ကြီးတွေက မဲနှိုက်ခိုင်းနေစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ရပ်ကွက်အုပ်ကြီး #မန္တလေး #ပေါ်တာဆွဲ



