မန္တလေးသတင်း

တရုတ်ပိုင် တကောင်း နီကယ်စက်ရုံ လည်ပတ်နိုင်ရေး စစ်အုပ်စုက ရေကြောင်းကနေ ထောက်ပို့လုပ်၊

ဧရာဝတီမြစ်ကြောင်း စိုးမိုးနိုင်ရေး နေ့စဉ် ဗုံးပတ်ကြဲလို့ ပြည်သူတွေ ဒါဇင်ချီ သေဆုံး၊ ဒဏ်ရာရ၊

ထင်လင်း/MFP၊ စက်တင်ဘာ – ၁၅

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် အစပ်ရှိ တရုတ်ပိုင် တကောင်းတောင် နီကယ်စက်ရုံကို ပြီးခဲ့တဲ့ မတ်လအတွင်း အာဏာသိမ်း စစ်အုပ်စုက ပြန်လည် သိမ်းယူ ထိန်းချုပ်နိုင်ပြီးနောက် စက်ရုံပြန်လည် လည်ပတ်နိုင်ရေး ဧရာဝတီမြစ်ကြောင်းကို အသုံးပြုကာ ထောက်ပို့ လုပ်ပေးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

တရုတ်စက်ရုံ လည်ပတ်နိုင်ရေးအတွက် ကျောက်မီးသွေး အပါအဝင် လိုအပ်တဲ့ ပစ္စည်းတွေကို အာဏာသိမ်း စစ်အုပ်စုက မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ပို့ဆောင်ပေးနရပြီး ပြည်သူပိုင် ရေယာဉ်တွေ ချောဆွဲကာ ပို့ပေးနေတာ ဖြစ်သလို ရေလမ်းကြောင်း စိုးမိုးနိုင်ရေး အတွက်လည်း မြစ်ကြောင်းတလျှောက် မြို့၊ရွာတွေကို နေ့စဉ်ဗုံးပတ်ကြဲနေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၃ရက်က မန္တလေးမြို့ကတဆင့် စစ်သင်္ဘောတွေ အပါအဝင် စစ်အုပ်စုရဲ့ ရေယာဉ် ၃၁ စီး မြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့ရာမှာ ရေယာဉ် အစီး ၂၀ ကျော်ဟာ တရုတ်နီကယ်စက်ရုံ လည်ပတ်နိုင်ရေးအတွက် ထောက်ပို့လုပ်ပေးရတာ ဖြစ်ပြီး ရေယာဉ် လေးစီးသာ ကချင်ပြည် ရွှေကူနယ် အထိ ဆက်လက် ဆန်တက်ခဲ့တာ တွေ့ရတယ်လို့ ဒေသတွင်း စောင့်ကြည့်သူတွေက ပြောပါတယ်။

“အခုက နီကယ်စက်ရုံအတွက်ကို သင်္ဘောတွေက တက်နေတာ။ ခွေးတွေရဲ့ စစ်သင်္ဘောရော၊ လေကြောင်းရော လုံခြုံရေးယူပြီးတော့ သင်္ဘောတွေ တက်နေတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တရုတ်နီကယ်စက်ရုံအတွက် ပစ္စည်းပို့တဲ့ ရေယာဉ်တွေ မြစ်ကြောင်းတလျှောက် စုန်၊ ဆန် သွားလာချိန် တိုက်ခိုက်တာ မခံရစေဖို့နဲ့ ဧရာဝတီမြစ်ကြောင်းကို စိုးမိုး ထိန်းချုပ်နိုင်ရေး အတွက်လည်း စစ်အုပ်စုက မြစ်ကြောင်းတလျှောက် မြို့၊ရွာတွေကို နေ့စဉ် ဗုံးပတ်ကြဲနေပြီး အဓိကအားဖြင့် စစ်ကိုင်းတိုင်း ဘက်ခြမ်းနေ ပြည်သူတွေကို ပစ်မှတ်ထားဗုံးကြဲလို့ ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၀ရက်နဲ့ ၁၁ရက်က ဧရာဝတီမြစ်ရိုးရှိ သပိတ်ကျင်းနယ် ဇင်းချောင်းရွာ၊ မြစ်တဖက်ခြမ်းရှိ ကန့်ဘလူနယ်၊ မလယ်ရွာနဲ့ ကျောက်လုံးကြီးရွာတွေကို စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ဗုံးကြဲ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်သလို ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ပါ တရစပ် ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ အနည်းဆုံး ငါးဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

စက်တင်ဘာ ၁၀ရက်က သပိတ်ကျင်းနယ် ဇင်းချောင်းရွာကို မန္တလေးမြို့ တံတားဦးက တက်လာတဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီးနောက် ဒရုန်းနဲ့ ဗုံးကြဲသလို သပိတ်ကျင်းနယ် တွင်းငယ်ရွာရှိ ၁၃ တပ်ခေါ် အမှတ် ၁၃ စစ်တန်းမြင့်လေ့ကျင့်ရေး ကျောင်းကနေပါ ဟောင်ဝစ်ဇာတွေနဲ့ ငါးကြိမ်ထက်မနည်း တရစပ် ပစ်ခတ်ခဲ့ရာ ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရကာ ဘုန်းကြီးကျောင်း အပါအဝင် အိုးအိမ်တွေ ပျက်စီးခဲ့ပါတယ်။

“ဇင်းချောင်းကို လုပ်တာတော့ တော်တော်ကို ရက်ရက်စက်စက် လုပ်တာ၊ လူထုကို ပစ်မှတ်ထားတာက စစ်ပွဲကြီးမှာလို ပစ်တာ။ ဖိုက်တာနဲ့ ပစ်နေတုန်း ကင်းထောက်ဒရုန်းတွေပါ လေးငါးစီး ဝဲနေသေးတာ၊ တွင်းငယ်ဘက်ကနေ ဟောင်ဝစ်ဇာနဲ့ပါ လှမ်းထုတာ၊ သူတို့ဘက်ခြမ်း (သပိတ်ကျင်းနယ်)ကို ကူးပြေးတဲ့ သူတွေကိုတော့ ဘာမှ မလုပ်ဘူး၊ ဒီဘက် (စစ်ကိုင်းတိုင်း)က ပြေးနေတဲ့ သူတွေကိုတော့ လက်နက်ကြီးနဲ့ ပစ်တယ်၊ ဆူဆိုက်နဲ့ပါ လုပ်တယ်၊ ဖိုက်တာပစ်တုန်း ဒရုန်းနဲ့ စောင့်ကြည့်ပြီး ပြေးတဲ့နေရာတွေအထိ လိုက်လုပ်တာ၊ ဇင်းချောင်းကို လုပ်ပြီး ကျောက်လုံးကြီးကိုပါ ထပ်လုပ်တာ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

စက်တင်ဘာ ၁၁ရက်မှာလည်း ဇင်းချောင်းရွာရဲ့ မြစ်တဖက်ကမ်းရှိ ကန့်ဘလူနယ် မလယ်ရွာနဲ့ ကျောက်လုံးကြီး ရွာတွေကိုလည်း တံတားဦးကနေ တက်လာတဲ့ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးပတ်ကြဲပြီး ဒရုန်းတွေနဲ့ပါ ထပ်မံ တိုက်ခိုက်ခဲ့ရာ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူ သုံးဦး သေဆုံးကာ ဒဏ်ရာရသူ ၂၀ ဝန်းကျင် ရှိခဲ့ပါတယ်။

“ကျောက်လုံးကြီးကို လုပ်တာ (ဗုံးကြဲ)က လောလောဆယ် သေဆုံးသူ သုံးဦး အတည်ပြုလို့ ရပါတယ်။ ထိခိုက်ဒဏ်ရာရသူကတော့ များတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ကျောက်လုံးကြီးရွာကို စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်လို့ သေဆုံးသူ သုံးဦးဟာ ကလေးသူငယ် ယောင်္ကျားလေးနဲ့ မိန်းကလေးတို့ နှစ်ဦး၊ အမျိုးသမီးကြီး တစ်ဦးတို့ဖြစ်ပြီး ဒဏ်ရာရသူ ၂၀ လောက်ထဲက ငါးယောက်ဟာ ပြင်းထန်ပြီး အသက်အန္တရညယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ပထမပတ်အတွင်း တရုတ်နီကယ်စက်ရုံ ထောက်ပို့ရေယာဉ်တွေ မြစ်ကြောင်းအတိုင်း ဆန်တက်နေချိန်မှာလည်း အဲ့ဒီ ကျောက်လုံးကြီးနဲ့ ဇင်းချောင်းရွာ အပါအဝင်  မြစ်ရိုးတလျှောက်ရှိ မြို့၊ရွာတွေကို စစ်အုပ်စုက ဗုံးပတ်ကြဲလို့ ပြည်သူတွေ ဒဏ်ရာရတာ၊ အိုးအိမ်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ထီးချိုင့်နယ်ထဲမှာ စက်ရုံ တည်ရှိပြီး သတ္ထုတူးတဲ့ နေရာက မန္တလေးတိုင်း သပိတ်ကျင်းနယ်ထဲမှာ ရှိတဲ့ တကောင်းတောင် နီကယ် တူးဖော်ရေး စီမံကိန်းကို တရုတ်-မြန်မာ ပူးပေါင်း အကျိုးခွဲဝေ ခံစားတဲ့ စီမံကိန်းအဖြစ် ၂၀၀၈ ခုနှစ်က စတင်ကာ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ နီကယ် သတ္ထုတူးဖော်ရေး စီမံကိန်းကို တရုတ် သတ္တုတူးဖော်ရေးကုမ္ပဏီ CNICO (Myanmar CNMC Nikel) က လုပ်ကိုင်ခွင့် ရနေတာ ဖြစ်ပြီး တရုတ်ကုမ္ပဏီက ဒေါ်လာသန်း(၈၀၀)ဝန်းကျင် ရင်းနှီးမြှုပ်နှံထားကာ စီမံကိန်းသက်တမ်း အနှစ် ၂၀ သဘောတူစာချုပ်ထားတာလို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၁) သတ္ထုတွင်း လုပ်ငန်းက စစ်အာဏာမသိမ်းခင် လွှတ်တော်တွင်း ဖြေကြားချက်တွေမှာ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း သပိတ်ကျင်းတနယ်လုံးကို တော်လှန်ရေးတပ်တွေက သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ရာ တရုတ်က တော်လှန်ရေး အင်အားစုတွေထဲ အခွန်ငွေ မပေးဆောင်လိုတာကြောင့် စက်ရုံလုပ်ငန်းတွေကို မလည်ပတ်ဘဲ ရပ်နားခဲ့ပါတယ်။

ယခု ၂၀၂၆ မတ်လမှာ သပိတ်ကျင်းနယ်ကို စစ်အုပ်စု ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ပြီးနောက် တရုတ်နဲ့ စစ်အုပ်စု ပေါင်းကာ နီကယ်စက်ရုံ ပြန်လည်ပတ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်ပိုင် နီကယ်စက်ရုံ ပြန်လည်ပတ်နိုင်ရေး စစ်အုပ်စုက ထောက်ပို့လုပ်ပေးနေတဲ့ ရေယာဉ်တွေဟာ ပြည်သူပိုင် ရေယာဉ်တွေကို စစ်အုပ်စုက လက်နက်ပြ ချောဆွဲကာ အသုံးချနေတာ ဖြစ်သလို ရေယာဉ်တွေ မြစ်ကြောင်းအတိုင်း ဆန်တက်ချိန် လုံခြုံရေးယူ လိုက်ပါပေးတဲ့ စစ်ရေယာဉ်တွေဟာလည်း UNICEF (ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့) အပါအဝင် နိုင်ငံတကာ ကူညီ ထောက်ပံ့ထားတဲ့ ကယ်ဆယ်ရေးလှေတွေကို ဆေးသုတ်၊ ပုံပြောင်းကာ စစ်ရေယာဉ်အဖြစ် အသုံးပြု နေတာလို့ ဒေသတွင်း စောင့်ကြည့်သူတွေက ပြောပါတယ်။

တရုတ်ပိုင် တကောင်းတောင် နီကယ်စက်ရုံ ပြန်လည်ပတ်နိုင်ရေးအတွက် ထောက်ပို့ ရေယာဉ်တွေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ချိန် စစ်အုပ်စုက မြစ်ရိုးတလျှောက် မြို့၊ရွာတွေကို ဗုံးပတ်ကြဲလို့ ထိခိုက်သေဆုံးတဲ့ ပြည်သူတွေ/Photo – ဒေသခံ (ပေးပို့)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#တရုတ်နီကယ်စက်ရုံ #အညာ #ဧရာဝတီမြစ်ကြောင်း #သပိတ်ကျင်းနဲ့ကန့်ဘလူ

Related Articles

Back to top button