
မောင်သက်/MFP၊ စက်တင်ဘာ – ၁၅
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ကံပေါက်အရှေ့ရွာကို အာဏာသိမ်း စစ်အုပ်စုက ဂျိုင်အိုကော်ပတာ (Gyrocopter) သုံးစီးနဲ့ ဗုံးပတ်ကြဲတိုက်ခိုက်လို့ အမျိုးသမီး အပါအဝင် ရွာခံပြည်သူ သုံးဦး သေဆုံးကာ အိုးအိမ် အဆောက်အအုံ အများအပြား ထိခိုက် ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
စက်တင်ဘာ ၁၅ရက် ဒီကနေ့ မနက် ၁၁နာရီကျော်အချိန် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ က တက်လာတဲ့ ဂျိုင်အိုတွေနဲ့ ကံပေါက်အရှေ့ရွာပေါ်ကို ထင်တိုင်းကျဲ ပစ်ခတ်တာလို့ ဆိုပါတယ်။
“စစ်ရေးပစ်မှတ် မရှိဘူး၊ တိုက်ပွဲလည်း မရှိဘဲ လာပစ်သွားတာ။ နေအိမ်အပျက်အစီး ရှိတယ်။ လူ သုံးယောက်လည်း သေတယ်”လို့ ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
သေဆုံးသူတွေဟာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
မုံရွာ နမခ ထဲနေ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုဟာ ပုလဲနယ် အပါအဝင် စစ်ကိုင်းတိုင်း မြို့၊ရွာတွေကို နေ့စဉ် ဗုံးပတ်ကြဲနေတာ ဖြစ်ပါတယ်။
ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူလုယက်ကာ စားသောက်နေကြတာ ဖြစ်ပြီး ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေလည်း နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း မင်အောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ရာ ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #ယင်းမာပင် #ပုလဲမြို့နယ်



