မန္တလေးသတင်း

မြင်းခြံ တောင်သာမှာ မိုးများ၊ ချောင်းရေကြီးလို့ ရွာ ၃၀ ကျော်က သီးနှံစိုက်ခင်းတွေ ရေမြုပ်ပျက်စီး၊

လမ်းတံတားတွေလည်း ပျက်လို့ သွားလာရေးခက်ခဲ၊

MN/MFP ၊ စက်တင်ဘာ – ၂၀

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စက်တင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဆင်တဲဝချောင်း အပါအဝင် ချောင်းမြောင်းတွေ ရေကြီးကာ ကျေးရွာ ၃၀ ကျော်က သီးနှံစိုက်ခင်းတွေ ရေနစ်မြုပ် ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စက်တင်ဘာ ၁၈ ရက်ညပိုင်းနဲ့ မနေ့ကထိ မိုးများခဲ့တာကြောင့် တောင်သာနယ် ကျေးရွာတွေမှာ ရေကြီးနစ်မြုပ်တာ၊ ကျေးရွာချင်းဆက် လမ်းတံတားတချို့ ထိခိုက်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့သလို မြေပဲ၊ ကြက်သွန်၊ ပြောင်း စတဲ့ တောင်သူတွေ စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်းတွေပါ ရေနစ်မြုပ် ပျက်စီးတယ်လို့ ဆိုပါတယ်။

“မိုးက ၁၈ ရက်နေ့ ညမှာ တညလုံးရွာတာ။ အဲဒီလိုရွာတော့ ချောင်းရေက ကမ်းလုံးပြည့်လာတာ။ ချောင်းရေ ကြီးပြီးတော့ ဆင်တဲဝ ချောင်းရိုးတလျှောက်က တောင်သူတွေ စိုက်ပျိုးထားတဲ့ မြေပဲ စိုက်ခင်းတွေ ထိခိုက်ပျက်စီးသွားတာပေါ့။ ဒီအချိန်က မြေပဲအဓိက စိုက်ပျိုးထားတဲ့အချိန်။ တချို့ စိုက်ခင်းတွေက ရေမြုပ်တယ်၊ တချို့စိုက်ခင်းတွေကတော့ သဲဖုံးသွားတာ။ ရေပြန်ကျသွားတဲ့ အချိန်မှာတော့ ရေမြုပ်ခဲ့တဲ့ စိုက်ခင်းတွေကတော့ ပျက်စီးတာတွေ ရှိနိုင်သလို မပျက်စီးတဲ့ အခင်းကလည်း အထွက်နှုန်းတွေ လျော့သွားတော့မှာ သေချာတယ်”လို့ တောင်သာနယ်ခံတစ်ဦးက MFP ကို ပြောပါတယ်။

ဒါ့အပြင် ကျေးရွာချင်းဆက် လမ်း၊တံတား တချို့လည်း ထိခိုက်ပျက်စီးလို့ သွားလာရေး အခက်အခဲ ဖြစ်နေတယ်လို့ ဆက်ပြောပါတယ်။

“ဆင်တဲဝချောင်းကို ဖြတ်ဖောက်ထားတဲ့ ရေကျော် လမ်းနဲ့ တံတားတွေလည်း ထိခိုက် ပျက်စီးတာတွေ ရှိတယ်။ အခုလို ရေကြီးပြီး လမ်းတံတားတွေ ထိခိုက်သွားတော့ သွားရေးလာရေး အခက်ခဲဖြစ်တယ်။ နောက်ပြီးတော့ တောင်သာမြို့ပေါ်ကလည်း စကစ ဘက်က ပိတ်ဆို့ထားတာဆိုတော့ ဒေသခံတွေ ပိုပြီးတော့ သွားလာရ ခက်တာပေါ့။ ဒီနေ့တော့ ရေက ပြန်ကျနေပါပြီ”

တောင်သာမြို့နယ်မှာ မိုးများပါက ဆင်တဲဝချောင်း အပါအဝင် ချောင်းမြောင်းတွေ နှစ်စဉ် ရေကြီးလေ့ ရှိပေမဲ့ လက်ရှိမှာ တောင်သာနယ် တနယ်လုံးနီးပါး မိုးများပြီး ချောင်းရေကြီးတာကြောင့် အရင်နှစ်တွေကထက် ရေကြီးနစ်မြုပ်မှု ပိုဆိုးတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

မိုးရွာရေကြီးလို့ တောင်သာနယ် အရှေ့ခြမ်း၊ တောင်ခြမ်းနဲ့ အနောက်ခြမ်းက ကျေးရွာတွေ ဖြစ်တဲ့ မကြီးပင်၊ သဲတော၊ ဗျိုင်းအင်း၊ ဆီမီးကန်၊ ကျောက္ကာ၊ ရှောက်ပင်၊ ထန်းတောကြီး၊ ခံပင်ကွေ့၊ ဝဲလောင်၊ ကျောက်ပေါက်ရိုး၊ ကိုင်း၊ ညောင်ကုန်း၊ အရာတော်၊ ဆယ်ကုန်း၊ ပဒါတ်စာကုန်း၊ မင်းတည်း၊ ထန်းပင်ခြံ၊ ခြုံကြီး၊ ကူ၊ နတ်စောင့်၊ ထန်းပင်ကန်၊ ကျွဲဇင်း စတဲ့ ကျေးရွာ ၃၀ ကျော် ရေကြီးနစ်မြုပ်ခဲ့ပြီး သီးနှံစိုက်ခင်းတွေ အများအပြား ရေနစ်မြုပ်ပျက်စီးတာ ဖြစ်ပါတယ်။

တောင်သာနယ်မှာ မိုးရွာ၊ ရေကြီးလို့ ရေမြုပ်၊ ရေတိုက်စားကာ ပျက်စီးတဲ့ သီးနှံစိုက်ခင်းတွေ/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#မန္တလေး #မြင်းခြံ #တောင်သာ #မိုးရွာရေကြီး

Related Articles

Back to top button