စစ်ကိုင်းသတင်း

အင်းတော်နယ်ထဲ စစ်အုပ်စု နေ့စဉ်ရက်ဆက် ဗုံးပတ်ကြဲ၊

ရွှေဘို – မြစ်ကြီးနား ကားလမ်းပေါ် ဗုံးကြဲခံရလို့ ခရီးသွား ကားသမားတွေ သေဆုံး၊ ကားတွေ မီးလောင်၊

ဒေါ်လာ/MFP၊ စက်တင်ဘာ – ၂၃

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက စက်တင်ဘာ ၂၁ရက်က စတင်ကာ သုံးရက်ဆက် ဗုံးပတ်ကြဲနေပြီး ဒီကနေ့ မနက်ပိုင်း မဲဇာရွာအနီး၊ ရွှေဘို – မြစ်ကြီးနား ကားလမ်းတလျှောက် ဗုံးပတ်ကြဲသလို ညနေပိုင်းမှာလည်း ထပ်မံ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၃ရက် ဒီကနေ့ မနက် ၁၁နာရီကျော်အချိန် အင်းတော်မြို့နယ်၊ မဲဇာရွာအနီး၊ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ စက်တောကုန်းနဲ့ နောင်မိုးစတဲ့ ရွာတွေအနီး စက်သုံးဆီဆိုင်တွေနဲ့ ခရီးသွား ကားတွေကို စစ်အုပ်စုက Y-12 အမျိုးအစား လေယာဉ်နဲ့ ဗုံး ၁၈ လုံးထက်မနည်း ကြဲချတိုက်ခိုက်ရာ ခရီးသွား ကားသမား သုံးဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးဝန်းကျင် ရှိကာ ကားတွေလည်း မီးလောင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲမရှိဘဲ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထား ဗုံးကြဲတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တောကုန်းရွာအနီး ဗုံးကိုးလုံးနဲ့ နောင်မိုးရွာအနီး ဗုံးကိုးလုံး ကြဲချတိုက်ခိုက်တာလို့ ဒေသခံတွေက ဆိုပြီး ဗုံးထိလို့ သေဆုံး၊ ဒဏ်ရာရသူနဲ့ မီးလောင်ပျက်စီးမှု အသေးစိတ် အခြေအနေတွေကိုတော့ အတည်ပြုလို့ မရသေးပါဘူး။

KIA၊ PDF စိုးမိုးနယ်မြေတွေဆီ စက်သုံးဆီ ပို့နေတာကြောင့် ဗုံးကြဲတာလို့ စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးကတဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည် ဗန်းမော်မြို့ကို ဆန်တက်တဲ့ စစ်အုပ်စုရဲ့ စစ်သင်္ဘော အပါအဝင် ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေကို ကချင်လွတ်မြောက်ရေး တပ်မတော် – KIA ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု အထိနာပြီးနောက် အခုလို အင်းတော်နယ်ထဲ ဗုံးပတ်ကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ အင်းတော်နယ်ထဲ သုံးရက်ဆက် ဗုံးပတ်ကြဲနေတာ ဖြစ်ပြီး ဒီမနက်ပိုင်း ဗျူဟာလမ်းတလျှောက်ရှိ စက်သုံးဆီဆိုင်တွေနဲ့ ခရီးသွားပြည်သူတွေကို ပစ်မှတ်ထားကာ ဗုံးပတ်ကြဲပြီးနောက် ညနေပိုင်း ၄နာရီခွဲဝန်းကျင်မှာလည်း အင်းတော်နယ်ထဲ ဆက်လက် ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဩဂုတ်လအထိ ငါးနှစ်ကျော်အတွင်း စစ်အုပ်စုက အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမှု အကြိမ် ၁၀,၅၀၀ ကျော် ကျူးလွန်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၆၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

အင်းတော်နယ်၊ မဲဇာရွာအနီး၊ ရွှေဘို – မြစ်ကြီးနား ကားလမ်းတလျှောက် စက်သုံးဆီဆိုင်နဲ့ ခရီးသွားတွေကို စစ်အုပ်စုက ဗုံးပတ်ကြဲလို့ မီးလောင်နေတဲ့ ကားတစ်စီး/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #အင်းတော် #မဲဇာ #ရွှေဘိုမြစ်ကြီးနားကားလမ်း

Related Articles

Back to top button