မန္တလေးသတင်း

မေမြို့ မြို့လယ်ခေါင်က ဖုန်းဆိုင် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရ၊ မော်ဒယ်မြင့် အိုင်ဖုန်းတွေ ကျပ်သိန်းထောင်ချီ ပါသွား၊

ဒေါ်လာ/MFP၊ စက်တင်ဘာ – ၂၇

အာဏာသိမ်း စစ်အုပ်စု ကြီးစိုးရာ မန္တလေးတိုင်း မေမြို့မှာ မြို့လယ်ခေါင်က ဖုန်းဆိုင်တစ်ဆိုင် မနေ့က နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရပြီး မော်ဒယ်မြင့် အိုင်ဖုန်းတွေ အပါအဝင် ကျပ်သိန်းထောင်နဲ့ချီ ဆုံးရှုံးတယ်လို့ သတင်းရရှိပါတယ်။

စက်တင်ဘာ ၂၆ရက် ညနေ ၃နာရီခွဲအချိန် မေမြို့၊ ရပ်ကွက်ကြီး (၂)၊ မြို့ပတ်လမ်းပေါ်ရှိ 7GLORY ဖုန်းဆိုင်ကို အမျိုးသား နှစ်ယောက်က ဝင်ရောက် ဓားပြတိုက်တာဖြစ်ပြီး I Phone ၃၇ လုံး အပါအဝင် စုစုပေါင်း ကျပ်သိန်း ၁၂၀၀ ကျော်ဖိုး ဓားပြတိုက်သွားတာလို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

“7Glory မေမြို့၊ ကျနော့ဖုန်းဆိုင် နေ့လည် ၃နာရီခွဲ ဓားမြတိုက်ခံလိုက်ရပါတယ်ဗျ။ iPhone အမြင့် အကုန် ပါသွားပါတယ်” လို့ ဆိုင်ပိုင်ရှင်က လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ဓားပြတိုက်ခံရတဲ့နေရာဟာ မေမြို့၊ မြို့လယ်ခေါင် လူစည်ကားတဲ့ နေရာကြီးဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဓားပြမှုဖြစ်ပြီးနောက် မန္တလေး – မေမြို့လမ်း ၁၆ မိုင်ဂိတ်မှာ စစ်အုပ်စုက ယခင်ထက်ပိုပြီး စစ်ဆေး ငွေညှစ်တာတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီ ဖုန်းဆိုင်ထဲကို ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသားနှစ်ယောက် ဝင်ရောက်လာပြီး အရောင်းဝန်ထမ်း နှစ်ယောက်ကို ဆိုင်ကောင်တာ နောက်မှာ ထိုင်ခိုင်းကာ ဆိုင်အတွင်းရှိ ကျပ်သိန်း ၁၂၀၀ ကျော်တန်ဖိုးရှိ Iphone အမျိုးအစားမျိုးစုံ ၃၇ လုံး၊ OSMO Pocket 4 Pro အမျိုးအစား ကင်မရာ တစ်လုံး၊ Apple Watch တစ်လုံးနဲ့ ငွေကျပ် ၃၁ သိန်းကို လုယက်ယူဆောင်သွားတာလို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

အာဏာသိမ်း စစ်အုပ်စု ကြီးစိုးထားရာ မေမြို့မှာ ဓားပြမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ဧပြီလဆန်းပိုင်းကလည်း မေမြို့၊ ရပ်ကွက်ကြီး ၁၀၊ ချယ်ရီလမ်းပေါ်ရှိ စိန်ရွှေရတနာဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၃၄၀၀ ကျော်တန်ဘိုးရှိ ရတနာပစ္စည်းတွေ ဆုံးရှုံးခဲ့ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာ ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#မန္တလေး #မေမြို့ #ပြင်ဦးလွင် #ဖုန်းဆိုင်

Related Articles

Back to top button