စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

မုံရွာ ချောင်းဦးနယ်ထဲ စစ်အုပ်စု ဗုံးပတ်ကြဲလို့ စစ်ရှောင်ပြည်သူ နှစ်ဦးသေဆုံး၊

PDF တပ်ရင်းမှူးတစ်ဦး စစ်အုပ်စု လက်ထဲ ရောက်သွားပြီးနောက် ချောင်းဦးနယ် ဗုံးကြဲခံနေရ၊

မောင်သက်/MFP၊ အောက်တိုဘာ – ၃

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတွေနဲ့ စစ်ရှောင်တဲတွေကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်နေပြီး မနေ့က ဗုံးထိလို့ စစ်ရှောင်ပြည်သူ နှစ်ဦး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD လက်အောက်ရှိ မုံရွာခရိုင် PDF အမှတ် ၁၅ တပ်ရင်း – ချောင်းဦးတော်လှန်ရေးတပ် – CRA တပ်ရင်းမှူး ပျံလွှား (ခ) ဝေဇင်အောင် ဆိုသူ အောက်တိုဘာ ၁ရက်မှာ စစ်အုပ်စု လက်ထဲ ရောက်သွားပြီးနောက် စစ်အုပ်စုက ချောင်းဦးနယ်ထဲ ဗုံးပတ်ကြဲတာလို့ ဆိုပါတယ်။

အောက်တိုဘာ ၂ရက် မနေ့က ညနေပိုင်း စစ်အုပ်စုက မိတ္ထီလာမြို့ကနေ ပျံတက်လာတဲ့ တိုက်လေယာဉ်နဲ့ ချောင်းဦးနယ် အနောက်တောင်ခြမ်းရှိ စစ်ရှောင်စခန်းကို ဗုံးကြဲပစ်ခတ် တိုက်ခိုက်ရာ စစ်ရှောင်ပြည်သူ အမျိုးသား နှစ်ဦး သေဆုံးပြီး ဒဏ်ရာ ရသူလည်း ရှိတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“ချောင်းဦး အနောက်တောင်ခြမ်း စစ်ရှောင်စခန်းကို လာပစ်တာ။ နှစ်ယောက်သေပြီး တစ်ယောက် ဒဏ်ရာရတယ်။ တစ်ယောက်က ဦးခေါင်းပွင့်ထွက်ပြီး တစ်ယောက်က ခါးပြတ်တဲ့။ အချိန်က ညနေ ၄နာရီဝန်းကျင်လောက် ဖိုက်တာနဲ့ ငါးကြိမ် လာပစ်တာ”

လူထိခိုက် သေဆုံးတဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြီး ပုဂံ – ညောင်ဦးမြို့က တက်လာတဲ့ MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့လည်း ချောင်းဦးနယ်ထဲ ထပ်မံ ဗုံးပတ်ကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ချောင်းဦးနယ် အပါအဝင် မုံရွာခရိုင်ထဲ ဗုံးပတ်ကြဲနေတာဟာ PDF တပ်ရင်းမှူး စစ်အုပ်စု လက်ထဲ ရောက်သွားတာနဲ့ သက်ဆိုင်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

မုံရွာခရိုင် PDF အမှတ် ၁၅ တပ်ရင်း – ချောင်းဦးတော်လှန်ရေးတပ် – CRA တပ်ရင်းမှူးဖြစ်သူ ပျံလွှား (ခ) ဝေဇင်အောင် ဟာ ငွေကြေးကိစ္စ မပြေလည်မှုတွေကြောင့် စက်တင်ဘာ ၃၀ ရက်မှာ သေနတ် တစ်လက်၊ တော်လှန်ရေးရန်ပုံငွေ ကျပ်သိန်း ၁၅၀ခန့်နဲ့အတူ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချသွားတာလို့ သတင်းတွေ ထွက်နေပါတယ်။

ဘက်ပြောင်းသွားတာလား၊ ဖမ်းခံရတာလားဆိုတာ အတိအကျ အသေအချာ မပြောနိုင်သေးဘူးလို့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ရှိသူက MFP ကို ပြောပါတယ်။

“ဘက်ပြောင်းသွားတာလား၊ ဖမ်းခံရတာလားဆိုတာ ခုထိ မသေချာသေးပါဘူးဗျ၊ ညနေကတော့ ချောင်းဦးမြို့နယ် အတွင်း တိုက်ပွဲမရှိဘဲ စစ်ရှောင်စခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှု လုပ်သွားတာ ရှိပါတယ်။ စစ်ရှောင်ပြည်သူ နှစ်ဦး သေဆုံးပါတယ်၊ ထိခိုက်ဒဏ်ရာ ရတာတွေလည်း ရှိပါတယ်။ လေကြောင်းအန္တရာယ်ကို ပြည်သူတွေ အများကြီး သတိထားဖို့ လိုပါတယ်၊ မပေါ့ကြပါနဲ့၊ လေကြောင်း သတိပေးချက် ရရင် လုံခြုံရာနေရာမှာ ပုန်းခိုကြဖို့လိုပါတယ်” လို့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုက ချောင်းဦးနယ် အပါအဝင် မုံရွာခရိုင်ထဲ ဗုံးပတ်ကြဲနေဆဲမို့ ဒေသခံပြည်သူတွေ အနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးဂရုပြုကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းပါတယ်။

စစ်အုပ်စုဟာ ချောင်းဦး အပါအဝင် နိုင်ငံတဝန်းကို နေ့စဉ် ဗုံးကြဲသတ်ဖြတ်နေတာလည်း ဖြစ်ပါတယ်။

မုံရွာ ချောင်းဦးနယ် စစ်ရှောင်စခန်းကို စစ်အုပ်စု ဗုံးကြဲလို့ ထိခိုက်သေဆုံးသူကို သယ်ထုတ်နေစဉ်/Photo – Moe Gyoe FB

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #မုံရွာ #ချောင်းဦး #CRAမုံရွာခရိုင်အမှတ်၁၅တပ်ရင်းမှူးပျံလွှား

Related Articles

Back to top button