
မောင်သက်/MFP၊ အောက်တိုဘာ – ၃
စစ်ကိုင်းတိုင်းမှာ မိုးသည်းထန်ရွာသွန်းတာကြောင့် မူးမြစ်ရေတိုးနေပြီး ကန့်ဘလူခရိုင်နဲ့ ရွှေဘိုခရိုင် အပါအဝင် မူးမြစ်ရိုးတလျှောက် မြို့၊ရွာတွေမှာ နောက်တစ်ကြိမ် ရေဘေးဒုက္ခကြုံမှာကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်ထိ မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ကုန်းတွင်း မုန်တိုင်းငယ် အရှိန်ကြောင့် စစ်ကိုင်းတိုင်းထဲ မိုးသည်းထန် ရွာသွန်းခဲ့ပြီး သဖန်းဆိပ်ဆည် အထက်ဘက်နဲ့ အောက်ဘက်၊ မူးမြစ်ရိုးတလျှောက် ရေတိုးနေတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၁ရက်က စလို့ မူးမြစ်ရေဟာ ကမ်းလုံးပြည့်ဖြစ်နေပြီး ရပ်ရွာတွေထဲ ရေမဝင်ဖို့ ကြိုတင် ပြင်ဆင်နေကြရသလို ဩဂုတ်လက ရေဘေးကြောင့် ပျက်စီးတဲ့ အိုးအိမ်တွေ ပြန်လည် မတည်ဆောက် နိုင်သေးချိန် နောက်ထပ်တဖန် ရေဘေးကြုံမှာကို စိုးရိမ်နေကြတယ်လို့ ရွေဘိုနယ်ခံ အမျိုးသမီး တစ်ဦးက MFP ကို ပြောပါတယ်။
“မူးမြစ်ရေက ကမ်းလုံးပြည့် ဖြစ်နေတာ။ လမ်းပေါ် ကျော်မှာစိုးလို့ သဲအိတ်တွေ ဘာတွေ ကာပြီး သွားလာလို့ရအောင် လုပ်နေကြတာ။ မိုးထပ်ရွာပြီး ဆည်ရေ ထပ်လွှတ်ရင်တော့ ရေက တက်မှာ။ ပုံမှန်ဆိုရင် စက်တင်ဘာလလယ်နဲ့ လကုန်ပိုင်းမှာ မူးမြစ်က ရေတိုးလေ့ရှိတာလေ။ ဟိုတလောက ရေကြီးတာက ပုံမှန်မဟုတ်ဘဲ စောပြီးလွှတ်လို့ ရေကြီးတာ။ မူးနားနေတဲ့သူတွေက နောက်တစ်ကြိမ် ရေ ထပ်ကြီးဦးမလား ဆိုပြီး စိုးရိမ်နေကြတာ။ အခုလည်း မိုးထပ်ရွာပြီး ဆည်ရေလွှတ်ရင် ရေထပ်ကြီးမှာ စိုးရိမ်နေကြတာ”

ပြီးခဲ့တဲ့ ဩဂုတ်လဆန်းက စစ်ကိုင်းတိုင်းအထက်ပိုင်း မိုးသည်းထန်ရွာသွန်းချိန် အာဏာသိမ်း စစ်အုပ်စုက ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကို ရုတ်တရက် ရေဖောက်ချလို့ ဆည်ရဲ့အောက်ဘက် မူးမြစ်ရိုးတလျှောက်က မြို့၊ရွာတွေ အဆိုးဆုံး ရေဘေးဒုက္ခကြုံခဲ့ရပါတယ်။
အဲ့ဒီ ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုတွေ ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေးချိန် အခုလို မူးမြစ်ရေ ထပ်တိုးလာတာကြောင့် ပစ္စည်းတွေ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေရတယ်လို့ မြင်းမူနယ်ခံတစ်ဦးကလည်း ပြောပါတယ်။
“ပြန်လည် ထူထောင်ရေးကို မလုပ်နိုင်သေးဘူး။ အခုချိန်ထိ ရေတွေက (သီးနှံ)အခင်းတွေထဲ ကျန်နေသေးတယ်။ အခုလည်း ရေက အထက်ပိုင်းမှာ တိုးနေတာဆိုတော့ ဒီဘက်ကို မကြာခင်မှာ ရောက်လာတော့မယ် ထင်တယ်။ အခု လူစုပြီးတော့ ပစ္စည်းတွေ ထပ်ရွှေ့ဖို့လုပ်နေရတယ်။ အရင်တခါလို ဆိုးရင် မလွယ်ဘူး။ အခုက ပျက်စီးသွားတဲ့ သီးနှံတွေ ဘာမှကို ပြန်မစိုက်ရသေးဘူး။ ရေက ထပ်တိုးရင် ပိုခက်ကုန်တော့မှာ”

သဖန်းဆိပ်ဆည်ရဲ့ အထက်၊ မူးမြစ်အထက်ပိုင်း ပင်လည်ဘူးနယ်မှာ အောက်တိုဘာ ၁ ရက်က စလို့ မြစ်ရေ တိုးနေပြီး ဩဂုတ်လအတွင်းက ရေကြီးခဲ့တဲ့ မူးမြစ်ရေထက် ပိုများနေတာကြောင့် ဆည်ရဲ့ အောက်ဘက်မှာ နေထိုင်သူတွေ သတိထားကြဖို့ လိုတယ်လို့ ပင်လည်ဘူးနယ်ခံတစ်ဦးက MFP ကို ပြောပါတယ်။
မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေမှာပါ နေရာကွက်ကာ မိုးကြီးခဲ့ပြီး ကန့်ဘလူမြို့မှာ မိုးရေချိန် ၂ ဒသမ ၇၆ လက်မ၊ ရေဦးမြို့တို့မှာ ၂ ဒသမ ၃၆ လက်မ အထိ ရွာသွန်းခဲ့တယ်လို့ စစ်အုပ်စု မိုးလေဝသနှင့် ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးကြီးခဲ့တာကြောင့် သဖန်းဆိပ်ဆည်အတွင်း ရေဝင်ရောက်မှု များကာ အောက်တိုဘာ ၁ ရက်က ဆည်ရေမှတ် ၅၄၃ ဒသမ ၁၅ ပေ ရှိနေပြီး ရေပိုလွှဲကနေ ရေထုတ်လွှတ်မှု ကျူးဆက် ၂၆၃၂၅ ရှိတယ်လို့ သဖန်းဆိပ်ဆည်က ထုတ်ပြန်ထားပါတယ်။ သဖန်းဆိပ်ဆည်ရဲ့ စိုးရိမ်ရေ အမှတ်ဟာ ၅၅၄ ပေ ဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာလို့ ကန့်ဘလူခရိုင် ကာဘိုးဆည်အတွင်းကို မိုးရေအများအပြား ဝင်ရောက်နေသလို သဖန်းဆိပ်ဆည်ကနေလည်း ရေလွှတ်ထားတာကြောင့် မူးမြစ်ကမ်းကျေးရွာတွေ အထူးသတိထား နေထိုင်ကြဖို့ ဒေသခံအချင်းချင်း သတိပေးထားပါတယ်။
သြဂုတ်လဆန်းပိုင်းက မိုးသည်းထန်ရွာသွန်းချိန် စစ်အုပ်စုက သဖန်းဆိပ်ဆည်ရေ ဖောက်ချလို့ ဆည်ရဲ့အောက်ဘက် မူးမြစ်ရိုးတလျှောက်ရှိ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဒီပဲယင်း၊ ဝက်လက်၊ အရာတော်၊ မြင်းမူနဲ့ စစ်ကိုင်း စတဲ့ မြို့နယ်တွေ ရေကြီးနစ်မြုပ်ကာ လူဦးရေ နှစ်သိန်းကျော် ရေဘေးသင့်ခဲ့သလို သေဆုံးသူ ၂၅ဦးထက်မနည်း ရှိခဲ့ပြီး စိုက်ပျိုးမြေဧက သောင်းနဲ့ချီ ရေကြီးနစ်မြုပ်ခဲ့ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#စစ်ကိုင်း #မူးမြစ် #သဖန်းဆိပ်ဆည် #ရွှေဘို



