
မာကျူရီ/MFP၊ အောက်တိုဘာ – ၃
မန္တလေးမြို့ပေါ် ခြောက်မြို့နယ်ကို နှစ်ပိုင်းခွဲကာ အောက်တိုဘာ ၃ရက် ဒီကနေ့က စတင်ပြီး လေးနာရီခြား တစ်ကြိမ်စီ လျှပ်စစ်မီး ပေးတော့မယ်လို့ အာဏာသိမ်း စစ်အုပ်စုရဲ့ လျှပ်စစ်ရုံးတွေက ထုတ်ပြန် ကြေညာပါတယ်။
နွေရာသီမရောက်သေးပေမယ့် နေ့ခင်းဘက်တွေမှာ အပူချိန် သိသိသာသာ မြင့်တက်လာပြီး လျှပ်စစ်ဓာတ်အား ပိုမို လိုအပ်လာချိန် အခုလို အချိန်ပိုင်းနဲ့သာ မီးရတော့မှာ ဖြစ်တာကြောင့် လူနေမှု စရိတ်တွေ ပိုမို ကုန်ကျလာတော့မယ်လို့ မြို့ခံတွေက ညည်းညူပါတယ်။
လက်ရှိမှာ စစ်အုပ်စုက အချိန်ပြည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတယ် ဆိုပေမယ့် လာချင်တဲ့အချိန် လာကာ ပြတ်ချင်တဲ့အချိန် ပြတ်နေတာကြောင့် လေးနာရီခြားတစ်ကြိမ် မှန်မှန်လာပေးမယ်ဆိုရင်တော့ တော်သေးတယ်လို့ မန္တလေးမြို့ခံ အိမ်ရှင်မတစ်ဦးက MFP ကို ပြောပါတယ်။။
“တခါတလေ ထမင်း၊ ဟင်း ချက်နေရင်း မီးပြတ်သွားလို့ ခဏခဏ ထမင်း၊ဟင်း ပျက်လို့ ပစ်လိုက်ရတာ မနည်းဘူး” လို့ အထက်ပါ အိမ်ရှင်မက ဆိုပါတယ်။

ယခုလတွေအတွင်း မန္တလေးမှာ စစ်အုပ်စုက ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ နေ့ရောညပါ ကျူးလွန်နေပြီး မီးပျက်ချိန် ရပ်ကွက်တွေထဲဝင်ကာ ပေါ်တာပိုဆွဲမှာကို စိုးရိမ်မိသလို ပေါ်တာဆွဲခံရမှန်း မသိလိုက်ဘဲ ပါသွားမှာလည်း စိုးရိမ်တယ်လို့ မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
“ဘယ်လိုက်ရှာရမှန်း မသိတဲ့ လူပျောက်တာတွေ ပိုများလာတော့မယ်၊ ပေါ်တာဆွဲတာက ရှင်းတယ်၊ စစ်ထဲ လိုက်ရှာယုံပဲ၊ လူပျောက်ကျတော့ တကယ် ပျောက်သွားတာလိုလို ဘာလိုလိုဆိုတော့ မိသားစု ပိုဒုက္ခ ရောက်တာပေါ့”
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မိသားစုက အဆက်အသွယ် မရလို့ လူမှုကွန်ယက် စာမျက်နှာတွေမှာ လူပျောက် ကြော်ငြာခဲ့တဲ့သူ ခြောက်ဦး ရှိခဲ့ပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မတ်လကနေ ဇွန်လအထိ မန္တလေးမြို့ပေါ် ရပ်ကွက်တွေကို အုပ်စု သုံးခုခွဲကာ ရှစ်နာရီလာ၊ လေးနာရီဖြတ်နှုန်းနဲ့ အလှည့်ကျ မီးပေးခဲ့ရာက မိုးတွင်းကာလ ဆည်ရေများချိန်မှာ အချိန်ပြည့်နီးပါး မီးပေးခဲ့ပြီးနောက် ယခု ပြန်လည် မီးဖြတ်တာ ဖြစ်ပါတယ်။
စစ်အုပ်စုက မီးဖြတ်တာနဲ့ စက်သုံးဆီ ရှားပါးမှုတွေကြောင့် မြို့နေပြည်သူတွေ ရာသီဥတု ပူပြင်းချိန်မှာ ပိုမို ဒုက္ခကြုံရဖွယ် ရှိတယ်လို့ မန္တလေးမြို့ခံတွေက ဆိုပါတယ်။
နိုင်ငံတဝန်း အများပြည်သူ အသုံးပြုနိုင်ဖို့ တစ်နေ့တာ ပျမ်းမျှ ဓာတ်အား လိုအပ်ချက် ၄၆၆၄ မဂ္ဂါဝပ် ဖြစ်ပြီး စစ်အုပ်စု အနေနဲ့ အဲ့ဒီလိုအပ်တဲ့ ဓာတ်အားကို ပြည့်မီအောင် မထုတ်လုပ်နိုင်လို့ မကြာခဏ မီးဖြတ်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#မန္တလေး #လျှပ်စစ်ဓာတ်အား #EPC #မီးဖြတ်



