စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

မုံရွာ ဘုတလင်မှာ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး ဒရုန်းနဲ့ပါ တိုက်ခိုက်လို့ စျေးဆိုင် ပြာကျ၊

တော်လှန်ရေး ရဲဘော်တစ်ဦး စစ်အုပ်စုနဲ့ ပူးပေါင်းပြီးနောက် ဗုံးလာကြဲလာတို့ ယူဆ၊

မောင်သက်/MFP၊ အောက်တိုဘာ – ၃

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်တောင်ခြမ်းရှိ ကျေးရွာတစ်ရွာပေါ်ကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ နှစ်ကြိမ်ပတ်ကာ ဗုံးကြဲသလို ဒရုန်းနှစ်စီးနဲ့ပါ တိုက်ခိုက်လို့ စက်သုံးဆီရောင်းတဲ့ စျေးဆိုင် ပြာကျပျောက်ကွယ်သွားတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၃ရက် ဒီကနေ့ နေ့လည် ၁၂နာရီကျော်အချိန် ဘုတလင်နယ်တောင်ခြမ်းရှိ ကျေးရွာပေါ် စစ်အုပ်စုက မိတ္ထီလာမြို့ကနေ ပျံတက်လာတဲ့ တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲပြီးနောက် မိနစ်ပိုင်း အကြာမှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က တက်လာတဲ့ ဒရုန်းနှစ်စီးနဲ့ ဆက်လက် ဗုံးကြဲတာလို့ ဆိုပါတယ်။

“စျေးဆိုင်ကတော့ မီးလောင်ပြီး ပျောက်ပါ ပျောက်သွားတယ်။ ဆီပေပါတွေလည်း ပျက်စီးတယ်။ ဆိုင်က ဆီဘာညာလည်း ရောင်းတယ်။ လူတွေကတော့ အထိအခိုက် မရှိဘူး၊ ရှောင်တိမ်းနိုင်လို့” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

စက်တင်ဘာ ၃၀ရက်က ဘုတလင်နယ် မြောက်ခြမ်းရှိ ရွာတစ်ရွာက တော်လှန်ရေး ရဲဘော်တစ်ယောက် စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် အဲ့ဒီ ရဲဘော်နဲ့ ဆက်စပ်ကာ ဗုံးကြဲခံရတာလို့ ယူဆကြောင့် ဒေသခံတွေက ပြောပါတယ်။

“တိတိကျကျတော့ မဟုတ်ဘူးဗျာ။ အဲ့ဒီ အောင်ကိုဦးဆိုတာ ခွေးနဲ့ ပေါင်းသွားပြီးတော့ အခု ဗုံးကြဲတာက သူနဲ့ ဆက်စပ်မှုများ ရှိမလားပေါ့၊ ကျနော်တို့ မြေပြင်ကတော့ အဲ့လို အတွေးရှိကြတာ” လို့ ဒေသခံက ပြောပါတယ်။

အောက်တိုဘာ ၂ရက် မနေ့က ညနေပိုင်းမှာလည်း မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် အနောက်တောင်ခြမ်းရှိ ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေကို စစ်အုပ်စုက တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ဗုံးပတ်ကြဲခဲ့ရာ စစ်ဘေးရှောင်ပြည်သူ အမျိုးသားနှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။ အဲ့ဒီ ချောင်းဦးနယ် ဗုံးကြဲမှုမှာလည်း PDF တပ်ရင်းမှူးတစ်ဦး စစ်အုပ်စု လက်ထဲ ရောက်သွားတာနဲ့ သက်ဆိုင်တယ်လို့ ဒေသခံတွေက ယူဆပါတယ်။

တချိန်တည်းမှာပဲ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ တိုက်ပွဲမရှိ၊ စစ်ရေး လှုပ်ရှားမှု မရှိချိန်တွေမှာလည်း ဘုတလင်နဲ့ ချောင်းဦးနယ် အပါအဝင် နိုင်ငံတဝန်း နေ့စဉ် ဗုံးပတ်ကြဲနေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဩဂုတ်လအထိ ငါးနှစ်ကျော်အတွင်း စစ်အုပ်စုက အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမှု အကြိမ် ၁၀,၅၀၀ ကျော် ကျူးလွန်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၆၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သုတေသန အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ဩဂုတ်လက ဘုတလင်နယ် ကျေးရွာတွေကို စစ်အုပ်စုက ဗုံးကြဲလို့ မီးလောင်နေတဲ့ အိမ်တစ်လုံး/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #ဘုတလင် #မုံရွာ #အညာ

Related Articles

Back to top button