စစ်ကိုင်းသတင်း

စစ်ကိုင်းမှာ ခွေးဘီလူးကား ဘရိတ်ပေါက်ပြီး ရပ်ထားတဲ့ ကားကို ဝင်တိုက်၊ ၁၀ ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရ၊

Phoenix/MFP၊ အောက်တိုဘာ – ၅

စစ်ကိုင်းမြို့အထွက်၊ မန္တလေး – မုံရွာကားလမ်း၊ ကံတလူတိုးဂိတ်အနီးမှာ ဒီမနက်ပိုင်း ခွေးဘီလူးကား တစ်စီး ဘရိတ်ပေါက်ကာ ရပ်ထားတဲ့ ဘောက်ကားကို ဝင်တိုက်မိတာကြောင့် ခွေးဘီလူးကားပေါ်ပါသူ ၁၃ ဦးအနက် ၁၀ ဦး နေရာတင် သေဆုံးပြီး ကျန်သုံးဦး ဒဏ်ရာရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၅ရက် ဒီနေ့ မနက် ၉ နာရီခွဲဝန်းကျင်မှာ မုံရွာ – မန္တလေး ကားလမ်းအတိုင်း မုံရွာဘက်ကနေ မောင်းနှင်လာတဲ့ ခွေးဘီဘူးကားတစ်စီး (SUZUKI HIJET) ဘရိတ်ပေါက်ကာ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာနဲ့ ကံတလူ တိုးဂိတ်အနီးမှာ လမ်းဘေး ရပ်ထားတဲ့ ဘောက်ကား တစ်စီးကို တိုက်မိတာလို့ ဆိုပါတယ်။

အဲ့ဒီ ယာဉ်တိုက်မှုကြောင့် ခွေးဘီလူးကားပေါ် လိုက်ပါလာသူ ၁၃ ဦးအနက် အသက် ၃၀ ကျော်ကနေ ၇၀ ဝန်းကျင်အရွယ် အမျိုးသမီး ရှစ်ဦးနဲ့ အမျိုးသားနှစ်ဦး၊ စုစုပေါင်း ၁၀ ဦး နေရာတင် သေဆုံးကာ ကျန် သုံးဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

“မ ရှစ်ဦး၊ ကျားနှစ်ဦး သေပါတယ်ခင်ဗျ နေရာတင်ပေါ့၊ ကျွန်တော်တို့ စစ်ကိုင်းဘက်က အထွက် ကျောက်ဆည်ရွာမှာဗျ။ စစ်ကိုင်းဘက်ကထွက် ညာဘက်ကို ကပ်ပြီးတော့ ဘောက်ကားက ကားရပ်ပြီး ထမင်းစားနေတာပေါ့လေ။   အဲဒီ ဘောက်ကား ထမင်းစားတာကို မုံရွာ ဘက်က  လာတဲ့ ကားက  ဘရိတ် ပေါက်ပြီး ဝင်တိုက်သွားတာလို့ ပြောပါတယ်ဗျ။ ခွေးဘီလူးကားလေး။ ခွေးဘီလူး ပေါ်မှာ ၁၃ ယောက်ပါတာ ၁၀ ယောက် သေပါတယ်ဗျ၊ သုံးယောက် ဒဏ်ရာပြင်းပါတယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး၊ ကျိုးကြေသွားတာတို့ ဘာတို့ပေါ့” လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူတစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ ယာဉ်တိုက်မှုကို စစ်ကိုင်းမြို့ အိုးဘိုကျန်းမာရေးနဲ့ Rescue အဖွဲ့နဲ့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေက ပူးပေါင်း ကူညီကာ ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားသလို သေဆုံးသူတွေကို သယ်ယူပို့ဆောင်နေတယ်လို့ ဆိုပါတယ်။

မန္တလေး – မုံရွာ ကားလမ်းတလျှောက် တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိသလို စစ်အုပ်စုက မကြာခဏ ခရီးသွား ကားတွေကို တားဆီးပြီး မိုင်းရှင်းလင်းရေး လုပ်ခိုင်းတာ၊ လမ်းပေါ်တက် လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာနဲ့ လူငယ်လူရွယ်တွေကို ကားပေါ်က ဆွဲချကာ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာ၊ စတာတွေကြောင့် ခရီးသွားတွေဟာ ပုံမှန်အတိုင်း မသွားလာနိုင်ကြဘဲ စိုးရိမ်စိတ်နဲ့ သွားလာနေကြရတာ ဖြစ်ပါတယ်။

လူ ၁၀ ဦး သေဆုံးတဲ့ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ရွာအနီး၊ မန္တလေး – မုံရွာလမ်းပေါ် ဒီမနက်ပိုင်း ဖြစ်ပွားတဲ့ ယာဉ်တိုက်မှု/Photo – ဒေသခံ (ပေးပို့)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေးမုံရွာလမ်း #ယာဥ်တိုက်မှု

Related Articles

Back to top button