မကွေးသတင်း

မကွေး မင်းတုန်းနယ် ရိုးမတောင်ခြေ တိုက်ပွဲ အထိနာတဲ့ စစ်အုပ်စုက ရွာတွေပေါ် ဗုံးပတ်ကြဲနေ၊

တိုက်ပွဲမဖြစ်တဲ့ ရွာတွေပါ ဗုံးကြဲခံရပြီး တစ်လအတွင်း ပြည်သူ ကိုးဦး သေဆုံးကာ ဒါဇင်ချီ ဒဏ်ရာရ၊


​ဝင်းသိန်း/MFP၊ အောက်တိုဘာ – ၁၃


​ရခိုင်ပြည်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ရခိုင်ရိုးမအခြေကို အာဏာသိမ်း စစ်အုပ်စုက အင်အား ထောင်နဲ့ချီ အသုံးပြုကာ စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အထိနာတဲ့ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ ကျေးရွာတွေအပေါ် ဗုံးပတ်ကြဲ သတ်ဖြတ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၁၂ ရက် မနေ့က နေ့လည် ၁၂ နာရီအချိန် သရက်မြို့ရှိ စစ်အုပ်စုရဲ့ လက်နက်စက်ရုံ ကပစ – ၁၂ကနေ ပျံတက်လာတဲ့  ပါရာမော်တာ (Paramotor – စက်တပ်လေထီး) နှစ်စီးနဲ့ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာပေါ် ဗုံးရှစ်လုံး ကြဲချရာ ရွာခံပြည်သူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အိုးအိမ်တွေ ပျက်စီးတယ်လို့ သရက်ခရိုင် PDF အမှတ် (၄) တပ်ရင်းက ထုတ်ပြန်ပါတယ်။

စစ်ရေးပစ်မှတ် မဟုတ်ဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက ဗုံးကြဲတာ ဖြစ်တယ်လို့​ သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောပါတယ်။


“ပါရာမော်တာတစ်စီးကနေ ဗုံးသီးလေးလုံးစီ ကြဲချတာပါ။ မဲဇလီရွာက ပုသိမ်-မုံရွာ လမ်းမပေါ်မှာ ရှိတာ။ ကြဲတာကတော့ နေအိမ်တွေပေါ် ကြဲတာပါပဲ။ သေဆုံးသူရဲ့ နေအိမ်နားလည်း ကျတယ်။ သူက နေအိမ်မှာတင် ပွဲချင်းပြီး သေဆုံးသွားတာ”

ပုသိမ်-မုံရွာ လမ်းမပေါ်မှာရှိတဲ့ မဲဇလီကျေးရွာပေါ် စစ်အုပ်စုဟာ ဒုတိယအကြိမ်မြောက် ဗုံးကြဲတာ ဖြစ်ပြီ စက်တင်ဘာ ၆ ရက်ကလည်း အဲ့ဒီရွာပေါ် စစ်အုပ်စုက ဗုံးကြဲခဲ့ပါသေးတယ်။

မင်းတုန်းမြို့နယ်ဟာ ရခိုင်ပြည် အမ်းမြို့နယ်နဲ့ ထိစပ်နေပြီး မင်းတုန်းနယ် အနောက်ခြမ်း ရိုးမကို ဖြတ်ကာ ရခိုင်ပြည်ဘက် ထိုးဖောက်နိုင်ဖို့ စစ်အုပ်စုက မေလကသတက်ပြီး အင်အားထောင်နဲ့ချီကာ အသုံးပြုကာ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ပေါ်တာဆွဲ စစ်သားသစ်တွေ အပါအဝင် စစ်အုပ်စု တပ်မ ၅၅ ခေါ် အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ တပ်ရင်းတွေကနေ အင်အား ၃၀၀၀ လောက်အထိ စုဖွဲ့ကာ စစ်အုပ်စုက မင်းတုန်းနယ်ထဲ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် မင်းတုန်းနယ် အနောက်ခြမ်း ရိုးမအခြေ ကျေးရွာတွေမှာ ဖြန့်ခွဲ နေရာယူထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်အုပ်စုကို အာရက္ခတပ်တော် – AA အပါအဝင် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု အထိနာ အသေများပြီး ရှေ့ဆက်မတိုးနိုင်ဘဲ နောက်ပြန်ဆုတ်ပြေးနေရချိန် ဒေသခံပြည်သူကို ပစ်မှတ်ထားကာ တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကိုပါ ဗုံးပတ်ကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။


အောက်တိုဘာ ၈ ရက်ကလည်း တိုက်ပွဲမရှိ၊ စစ်ကြောင်း မရှိ၊ တိုက်ပွဲဖြစ်တဲ့ နေရာတွေနဲ့လည်း ဝေးတဲ့ ပုသိမ်-မုံရွာလမ်းရဲ့ အရှေ့ဘက်ခြမ်းရှိ မင်းတုန်းနယ် ချင်းနစ်ကျေးရွာကို စစ်အုပ်စုက ပါရာမော်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ရွာခံပြည်သူ ကလေးငယ်တစ်ဦးနဲ့ အဖိုးအိုတစ်ဦးတို့ သေဆုံးကာ သုံးဦး ဒဏ်ရာ ရခဲ့ပါတယ်။

စက်တင်ဘာ ၁၃ ရက်ကလည်း မင်းတုန်းမြို့နယ် ဇွန်းကျကျေးရွာကို စစ်အုပ်စု ကပစ-၁၂ က ပါရာမော်တာနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် ပြည်သူ ခြောက်ဦး သေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ရက်ကနေ ယခု အောက်တိုဘာ ၁၂ရက်အထိ တစ်လတာအတွင်း မင်းတုန်းနယ် ကျေးရွာတွေပေါ် စစ်အုပ်စုက ဗုံးပတ်ကြဲလို့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ကိုးဦး သေဆုံးကာ ဒဏ်ရာရသူ ဒါဇင်ချီရှိပြီး အိုးအိမ်အဆောက်အအုံတွေလည်း ပျက်စီးခဲ့ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မင်းတုန်းမြို့နယ်ထဲ အကြောင်းမဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်နေတာကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ လေကြောင်း၊လက်နက်ကြီး အန္တရာယ်တို့ကို သတိထား နေထိုင်ကြဖို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်းက သတိပေးထုတ်ပြန်ထားပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ မင်းတုန်းနယ် အပါအဝင် နိုင်ငံတဝန်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ အထိနာ အသေများကာ ရှုံးနိမ့်တိုင်း ပြည်သူကို ပစ်မှတ်ထားကာ မြို့၊ရွာတွေကို ဗုံးကြဲနေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဩဂုတ်လအထိ ငါးနှစ်ကျော်အတွင်း စစ်အုပ်စုက အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမှု အကြိမ် ၁၀,၅၀၀ ကျော် ကျူးလွန်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၆၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သုတေသန အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

မင်းတုန်းနယ် ကျေးရွာပေါ် စစ်အုပ်စုက ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – သရက်ခရိုင် PDF တပ်ရင်း ၄

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #မင်းတုန်း ​ #​သရက်ရခိုင်ရိုးမ

Related Articles

Back to top button