မန္တလေးသတင်း

မိုးကုတ်ကိုထိန်းချုပ်ပြီး ၁၁ လအကြာမှာ စစ်အုပ်စုက စစ်မှုထမ်းအတွက် အိမ်ထောင်စုစာရင်း ကောက်ယူတာတွေ စတင်လုပ်လာ

နန်းယု/MFP၊ အောက်တိုဘာ – ၁၅

မန္တလေးတိုင်း‌၊ မိုးကုတ်မြို့ကို စစ်အုပ်စု ပြန်လည်ထိန်းချုပ်ပြီး ၁၁ လအကြာမှာ စစ်မှုထမ်းအတွက် အိမ်ထောင်စုစာရင်း ကောက်ယူတာတွေ စလုပ်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်က မိုးကုတ်မြို့အနောက်ပိုင်းက ကျပ်ပြင်ရပ်ကွက်(အရှေ့ပိုင်း)မှာ ရပ်ကွက်တာဝန်ရှိသူတွေက တစ်အိမ်တက်ဆင်း စာရင်းကောက်ယူတာတွေလုပ်ခဲ့ပြီး နောက်တစ်ရက်မှာတော့ ရပ်ကွက်နေပြည်သူတွေကို အစည်းအဝေးခေါ်ယူခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ရာအိမ်မှူးကနေမှ တစ်အိမ်တက်ဆင်း လိုက်ကောက်တာ။ ၁၀ ရက်နေ့က လိုက်ကောက်တာ၊ လိုက်ကောက်ပြီးတော့ ၁၁ ရက်နေ့က အစည်းအဝေးခေါ်တာ” လို့ မိုးကုတ်ကျပ်ပြင်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်ပြီး လေးလအကြာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်ကစပြီး စည်ပင်၊လဝက၊ဘဏ်လုပ်ငန်းတွေကို မြို့တွင်းက ပြည်သူ့ဆေးရုံဝင်းအတွင်း လည်ပတ်ကာ အုပ်ချုပ်ရေးယန္တရားတွေကိုပဲ ဦးစားပေး လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတဝန်း အခြားဒေသတွေမှာ စစ်မှုထမ်း‌ဆင့်ခေါ်‌စေလွှတ်တာတွေ လုပ်ခဲ့ပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂၈)အထိ ရှိလာချိန်မှာတောင် မိုးကုတ်မြို့မှာတော့ စစ်မှုထမ်းအတွက် စာရင်းကောက်ယူတာမျိုးတောင် မလုပ်ခဲ့ဘဲ မြို့ကိုအေးချမ်းသယောင်လုပ်ပြခဲ့ပြီး အခု မြို့ပြန်သိမ်းပြီး ၁၁လ အကြာမှ စစ်မှုထမ်းအတွက် စတင်စာရင်းကောက်ဖို့ ကြိုးပမ်းလာတာ ဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“အရင်တုန်းကတော့ ပြောရရင် အချိုသပ်ထားတာပေါ့။ စစ်ရှောင်နေတဲ့သူတွေကို မြို့က အကုန်အေးချမ်းနေပြီ။ ပြန်လာကြတော့ ဆိုပြီးပေါ့။ အခုတော့ စာရင်းတွေ စကောက်နေပြီ ။ဟုတ်တယ် ရပ်ကွက်အကုန်တော့ မကြားမိသေးဘူး။” လို့ မိုးကုတ်မြို့ခံ နောက်တစ်ဦးက ဆိုပါတယ်။

စစ်အုပ်စုက စစ်မှုထမ်းအတွက် စတင်စာရင်းကောက်ယူခဲ့တဲ့ ကျပ်ပြင်ရပ်ကွက်ဟာ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းနှစ်ခုရှိပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ ကျပ်ပြင်အရှေ့ရပ်ကွက်မှာ စတင်စာရင်းကောက်ယူနေတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် လေးလအကြာ အုပ်ချုပ်ရေးယန္တရား စတင်လာခဲ့ပြီး တဖက်ကလည်း မြို့တွင်းနဲ့ မြို့အဝင်အထွက်နေရာတွေမှာ စစ်တပ်ဂိတ်တွေချကာ လုံခြုံရေးတင်းကျပ်ခဲ့ပါတယ်။ အဲဒီနောက် ဒီနှစ်ဧပြီလလောက်ကစတင်ကာ မိုးကုတ်ဒေသက ကျောက်တူးဖော်ရေးလုပ်ငန်းတွေကို စတင်ပိတ်ခိုင်းခဲ့ပြီး ဇူလိုင်အတွင်းမှာတော့ မြို့ရဲ့မျက်နှာဖုံး ကျောက်လုပ်ငန်းရှင်ကြီးတွေကိုလည်း ဖမ်းဆီးငွေညှစ်တာတွေ လုပ်ခဲ့ပါတယ်။

ဒါ့အပြင် ယခင်က တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်နွယ်တဲ့သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ မိသားစုဝင်တွေကိုလည်း ဖမ်းဆီးတာတွေလည်း ဆက်တိုက်လုပ်လာခဲ့ပြီး မြို့ထဲက လူငယ်လူရွယ် အယောက် ၃၀ထက်မနည်းလည်း ပေါ်တာဆွဲဖမ်းဆီးခံရတာတွေ ရှိလာခဲ့ပါတယ်။

မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ သိမ်းပိုက်ခဲ့ပြီးနောက် TNLAက တရုတ်ဖိအားနဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ လက်လွှတ်ပေးခဲ့ကာ စစ်အုပ်စုတပ်တွေ မြို့တွင်း ပြန်လည်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။မြို့ကို ပြန်လည်ထိန်းချုပ်ကာစမှာ မြို့တွင်းပြန်လည်စည်ကားဖို့ကိုသာ အာရုံစိုက်ရာက အခုအချိန်မှာတော့ တခြားဒေသတွေလိုပဲ စစ်မှုထမ်းတပ်သားစုဆောင်းဖို့ ကြိုးပမ်းလာခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် နိုင်ငံတဝန်းက လူငယ်တွေကို လမ်းပေါ်တွေ၊အလုပ်သွားအလုပ်ပြန်နေရာတွေ၊ခရီးသွားကားတွေနဲ့ နေအိမ်တွေထဲအထိ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေပြီး ရက်တိုသင်တန်းတွေပေးကာ နိုင်ငံတဝန်းက စစ်မက်ဖြစ်ပွားရာဒေသတွေကို အသေခံပေးပို့ စေလွှတ်နေတာ ဖြစ်ပါတယ်။

ပေါ်တာဆွဲစစ်မှုထမ်းအင်အား လိုအပ်ချက်မြင့်မားနေတဲ့ အာဏာသိမ်းစစ်အုပ်စုဟာ လစဉ် လူငယ်အယောက် (၅၀၀၀)နှုန်းနဲ့ လူသစ်စုဆောင်းနေပြီး လက်ရှိအချိန်မှာ စစ်မှုထမ်းအမှတ်စဉ် (၂၈) အထိ သင်တန်းဖွင့်လှစ်ထားသလို လူငယ်တစ်သိန်းသုံးသောင်းကျော် စစ်မှုထမ်းခေါ်ဆောင်ပြီးပြီ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး မလွှဲမရှောင်သာ အဓမ္မစစ်သားစုဆောင်းခံရသူတွေအနေနဲ့ အခွင့်အရေး ရရှိတဲ့အခါ စစ်တပ်ကနေ စွန့်ခွာထွက်ပြေးကြဖို့၊ အခြေအနေပေးပါက လက်နက်တွေကိုပါ ယူဆောင်လာကြဖို့နဲ့ တော်လှန်ရေးနယ်မြေတွေကို ရောက်ရှိလာတဲ့ လူငယ်တွေနဲ့ ရန်သူ့တပ်ကို စွန့်ခွာထွက်ပြေးလာကြတဲ့ ပြည်သူ့စစ်မှုထမ်း(ပစ)တွေကို လိုအပ်တဲ့ ချိတ်ဆက်ကူညီပေးတာတွေ ဆက်လက် လုပ်ဆောင်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button