
မောင်သက်/MFP၊ အောက်တိုဘာ – ၁၆
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ထဲ ခိုအောင်းနေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ရိက္ခာပြတ်ပြီး ငတ်လာတာကြောင့် မြို့အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းလုယက် ဓားပြတိုက်ကာ တန်ဘိုးရှိပစ္စည်းတွေ မြို့ပေါ် သယ်ပို့ပြီးနောက် အိမ်တွေကို မီးပတ်ရှို့နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အောက်တိုဘာ ၈ရက် မနက် ၇နာရီအချိန် ပုလဲမြို့ထဲက ထွက်လာတဲ့ အင်အား ၈၀ ကျော်ပါ စစ်အုပ်စုဟာ မြို့ရဲ့ အနောက်ဘက်၊ ကျေးရွာဘက် ဦးတည်ကာ စီးနင်းလုယက် ဓားပြတိုက် မီးရှို့နေတာလို့ ဆိုပါတယ်။
အောက်တိုဘာ ၈ရက်က ပုလဲမြို့အနောက်ဘက်၊ သေတ္တရာရွာကို စီးနင်းတဲ့ စစ်အုပ်စုဟာ နေအိမ်တွေ ဖောက်ထွင်းကာ စားနိပ်ရိက္ခာတွေ ခိုးယူသလို ပြည်သူပိုင်ပစ္စည်းတွေကို လုယက်ပြီးနောက် ပုလဲမြို့ပေါ် စစ်ကားတွေနဲ့ သယ်ပို့နေတယ်လို့ဒေသခံ အမျိုးသမီးတစ်ဦးက MFPကိုပြောပါတယ်။
“ရိက္ခာပြတ်လို့ စစ်ဲကြောင်းထွက်တာ တူပါရဲ့၊ ဆန်၊ဆီ၊ပဲနဲ့ စားလို့ရတဲ့အရာ အကုန်ယူတာ၊ မနှစ်ကနဲ့ ဒီနှစ်ပိုင်း သုံးကြိမ်လောက်ရှိပြီ (ရွာကို စီးနင်းလုယက်တာ)”
ပြီးခဲ့တဲ့ နှစ်ကတည်းက ပုလဲမြို့ထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ အစာရိက္ခာပြတ်လာတိုင်း ကျေးရွာတွေကို စီးနင်းလုယက် ဓားပြတိုက်ကာ ပြည်သူပိုင် ပစ္စည်းတွေ လုယက်စားသောက်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ အောက်တိုဘာ ၈ရက်ကနေ ယနေ့ ၁၆ရက်အထိ ပုလဲနယ်ထဲ ရွာဉ်ပတ်မွှေကာ လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူ မီးရှို့နေဆဲ ဖြစ်ပြီး သေတ္တရာရွာ၊ လက်တောင်းကြီးရွာ၊ စေတီရုံရွာ၊ ကုက္ကိုလ်စုရွာနဲ့ အလယ်ဘုံရွာတွေ လုယက် ဓားပြတိုက် မီးရှို့ခံရတယ်လို့ ဆိုပါတယ်။
“ စေတီရုံရွာကို ဝင်မွှေပြီး ပစ္စည်းတွေခိုးယူတယ်။ ကားနဲ့သယ်ထုတ်တယ်။ နေအိမ်တစ်အိမ်ကို မီးရှို့ထားခဲ့တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၁၀ရက်က ကုက္ကိုလ်စု၊ လက်တောင်းကြီးနဲ့ အလယ်ဘုံရွာတွေကို စီးနင်းလုယက်ရာမှာ စစ်အုပ်စုက ခိုးရာပါ ဆိုင်ကယ်ငါးစီးနဲ့ ရှေ့ပြေးအဖြစ် ဝင်ရောက် ဓားပြတိုက်ပြီးမှ နောက်ကနေ စစ်ကားတွေနဲ့ ထပ်မံ ဝင်ရောက်ကာ ခိုးရာပါ ပစ္စည်းတွေကို ကားပေါ်တင်ပြီး ပုလဲမြို့ဆီ သယ်ယူတာလို့ ဆိုပါတယ်။
စစ်အုပ်စု စီးနင်းလုယက် ဓားပြတိုက်တဲ့ အဲ့ဒီ ကျေးရွာတွေအတွင်း ဆန်၊ ဆီ၊ စားနပ်ရိက္ခာနဲ့ တန်ဘိုးရှိ ပစ္စည်းတွေ သာမက စတားလင့်အင်တာနက်ပစ္စည်းတွေ၊ ဖုန်း၊ ဆိုင်ကယ်၊ စတဲ့ တွေ့သမျှပစ္စည်း ခိုးယူသယ်ထုတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ကုက္ကိုစုမှာ ခွေးဘီလူးတစ်စီး၊ ဆိုင်ကယ် ငါးစီးနဲ့ ဆန်စက်က ဆန်အိတ် ၁၇အိတ်၊ ရွာထဲက နေအိမ်တွေထဲက ပစ္စည်းတွေ ဝင်ယူကြတယ်။ စစ်သားတွေက ယူတဲ့ ပစ္စည်းတွေကို သူတို့ ကိုယ့်နာမည်ကိုယ်ရေးပြီး ကားပေါ်တင်ကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပုလဲမြို့နယ် ကျေးရွာတွေကို တော်လှန်ရေးတပ်တွေက စိုးမိုးထိန်းချုပ်ထားတာ ဖြစ်ပြီး စစ်အုပ်စု အနေနဲ့ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်း၊ အင်မထီးရွာ ပျူစောထီးစခန်း၊ မင်းတိုင်ပင်ရွာနဲ့ ပုလဲမြို့ပေါ် ၊ စတဲ့ နေရာလေးခုမှာ အထိုင်ချ တပ်စွဲ၊ ခိုအောင်းနေကာ ရိက္ခာပြတ်ပြီး ငတ်လာတိုင်း ပြည်သူပိုင် ပစ္စည်း လုယက်စားသောက်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာကလည်း ပုလဲမြို့ပေါ်နေ စစ်အုပ်စု ရိက္ခာပြတ်ပြီး ငတ်လာချိန် အင်အား ၁၅၀ လောက်နဲ့ ပုလဲမြို့ရဲ့ အနောက်ဘက်ပိုင်းရှိ ကြိုးကြာဥနဲ့ ရွာထင်ကျေးရွာတွေကို စီးနင်းလုယက်၊ ဓားပြတိုက်ခဲ့ပါသေးတယ်။
ပုလဲ မင်းတိုင်ပင်ရွာကို စစ်အုပ်စုက စီးနင်းကာ အထိုင်ချတပ်စွဲ ခိုအောင်းနေလို့ ရွာထဲ မနေရဲဘဲ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – ဒေသခံ (ပေးပို့)



