မန္တလေးသတင်း

မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင် ထောင်က ပြန်လည် လွတ်မြောက်၊

တေဇ/MFP ၊ အောက်တိုဘာ – ၂၃

အာဏာသိမ်း စစ်အုပ်စုက ဥပဒေမဲ့ ဖမ်းဆီးထောင်ချထားတဲ့ မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်ကို ဒီကနေ့ အောက်တိုဘာ ၂၃ရက်မှာ ထောင်က ပြန်လွှတ်ပေးလိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

“ဦးဇာနည်အောင် လွတ်ပြီ။ Confirm (အတည်ပြု)” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လွတ်ရက်စေ့လို့ လွတ်လာတာလား၊ စစ်အုပ်စုက လျော့ပေါ့ပြီး ပြန်လွှတ်ပေးသလားဆိုတာကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။

စစ်အုပ်စုဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ ကတည်းက ဝန်ကြီး ဦးဇာနည်အောင် အပါအဝင် မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းလွှတ်တော် ဥက္ကဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီ မန္တလေးတိုင်း တာဝန်ရှိသူတွကို ဖမ်းဆီးကာ အမှုဆင် ထောင်ချထားတာ ဖြစ်ပါတယ်။

ဦးဇာနည်အောင်ကို စစ်အုပ်စုက အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေး/စီမံ အက်ဥပဒေ ပုဒ်မ ၂၅/၃၀(က)၊ အဂတိ ပုဒ်မ ၅၅ တို့နဲ့ အမှုဆင် ထောင်ချထားတာ ဖြစ်ပါတယ်။

ဦးဇာနည်အောင်နဲ့အတူ စစ်အုပ်စုက ဖမ်းဆီးထောင်ချထားတဲ့ မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်တွေထဲက မြို့တော်ဝန် ဒေါက်တာရဲလွင်၊ ဝန်ကြီး ဒေါက်တာစိုးသန်းနဲ့ ဝန်ကြီး ဦးမျိုးသစ်တို့ကို လွန်ခဲ့တဲ့ နှစ်တွေကတည်းက စစ်အုပ်စုက ပြန်လွှတ်ပေးခဲ့ပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ မန္တလေးတိုင်း လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးတို့ ကတော့ စစ်အုပ်စုက ဖမ်းဆီးထောင်ချထားစဉ် ထောင်တွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရရှိလို့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကွယ်လွန်ခဲ့ကြပါတယ်။

Related Articles

Back to top button