
မောင်သက်/MFP၊ အောက်တိုဘာ – ၁၆
စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ အာဏာသိမ်း စစ်အုပ်စုက လက်လုပ်လက်စား လူငယ်လူရွယ်တွေကို အဓိက ပစ်မှတ်ထားကာ နေ့စဥ် ဒါဇင်နဲ့ချီ ဖမ်းဆီး၊ ပေါ်တာဆွဲ၊ စစ်သားသစ် စုဆောင်းနေလို့ လူငယ်တွေ အပြင်မထွက်ရဲ၊ ဓာတ်ဆီဆိုင်မှာ ဆီမတိုးရဲဘဲ ဖြစ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။
စစ်အုပ်စုဟာ ယခုလတွေအတွင်း နေ့စဉ်နဲ့အမျှ တစ်နေ့ကို လူ ၂၀ ကျော်၊ ၃၀ လောက်အထိ ရအောင် မုံရွာမြို့အနှံ့ ပေါ်တာပတ်ဆွဲနေတာလို့ ဆိုပါတယ်။
“ပေါ်တာဆွဲတာတော့ အမှန်ပဲ။ လူငယ်တွေ အပြင်တောင်မထွက်ရဲလောက်အောင်ဘဲ၊ ရှစ်လပိုင်း နောက်ဆုံးပတ်လောက်ကနေ ခုထိကို ဆက်တိုက် ဆွဲနေတာ” လို့ မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ မုံရွာမြို့ ကျောက္ကာလမ်းမီးပွိုင့်၊ ကံသာယာ၊ ကျွဲရဲအဝိုင်း၊ စက်မှုဇုံရပ်ကွက်၊ စျေးတွေ၊ ကမ်းနားလမ်းတလျောက်နဲ့ ကူးတိုဆိပ်တွေမှာ အများဆုံး ပေါ်တာဆွဲနေသလို အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ ရပ်ကွက် လမ်းကြိုလမ်းကြားပါမကျန် လှည့်ပတ်ပေါ်တာဆွဲနေပြီး လမ်းပေါ် လူမတွေ့ရင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဓာတ်ဆီဆိုင်မှာ ဆီတိုးသူနဲ့ မြစ်ဆိပ်ရှိ စက်လှေတွေပေါ်အထိ တက်ကာ ပေါ်တာဆွဲနေတာလို့ ဆိုပါတယ်။
“အရပ်ဝတ်တွေနဲ့ ရုတ်တရက် ရောက်ရောက်လာပြိီးဆွဲတာ၊ ဆီဆိုင် ဆီထုတ်ဖို့ တန်းစီတဲ့ လူငယ်တွေပါဆွဲတာ၊ ခုလတ်တလော ဆီဆိုင်မှာ လူငယ်တွေ ဆီမထုတ်ရဲကြတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြေပါတယ်။
မုံရွာမြို့မှာ စစ်အုပ်စုက စက်သုံးဆီ အလုံအလောက် ရောင်းမပေးတာကြောင့် ဆီရောင်းတဲ့ ဆိုင်တချို့မှာ မြို့ခံတွေ တန်းတီတိုးဝှေ့ဝယ်ယူ ကြရပြီး အဲ့ဒီ ဆီတိုးနေတဲ့ လူတန်းကိုလည်း စစ်အုပ်စုက ပိတ်ဆို့ကာ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာကြောင့် လူငယ်တွေ ဆီမတိုးရဲဘဲ အမျိုးသမီးတွေနဲ့ သက်ကြီးပိုင်းတွေပဲ ဆီတိုးနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ လက်လုပ်လက်စား ဆင်းရဲသား လူငယ်တွေကို အဓိက ပစ်မှတ်ထားကာ အလုပ်သွားအလုပ်ပြန်ချိန်တွေမှာ ပေါ်တာဆွဲလေ့ရှိပြီး အခုလတွေအတွင်း စစ်အုပ်စု ပေါ်တာအဆွဲကြမ်းလို့ မုံရွာမြို့ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ မြို့အနီးဝန်းကျင် မြို့၊ရွာတွေကနေ မုံရွာမြို့ပေါ် အလုပ်လာလုပ်တဲ့ လူငယ်တွေ မြို့ပေါ်သွားဖို့နဲ့ အပြင်ထွက်အလုပ်လုပ်ဖို့ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၄ မတ်လကစလို့ နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စုဆောင်းကာ ရက်တို သင်တန်းပေးပြီးနောက် တိုက်ပွဲဖြစ်တဲ့ နေရာတွေဆီ ပို့လွှတ်ကာ အသေခံ စစ်သားအဖြစ် အသုံးချနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ လစဉ် လူ ၅၀၀၀ နှုန်း ပေါ်တာဆွဲ လူသစ်စုနေတာ ဖြစ်ပြီး နှဟ်နှစ်ကျော်အတွင်း လူ တစ်သိန်းဝန်းကျင် စစ်သားသစ် စုဆောင်းခဲ့ပြီး ဖြစ်သလို လက်ရှိမှာ စစ်မှုထမ်း အပတ်စဉ် ၂၉အထိ ဖွင့်လှစ်ထားပြီးလည်း ဖြစ်ပါတယ်။
မုံရွာမြို့မှာ တွေ့ရတဲ့ ပေါ်တာဆွဲ စစ်သားသစ်တွေ တင်ဆောင်လာတဲ့ စစ်ကားတစ်စီး/Photo – ဒေသခံ



