
မာကျူရီ/MFP၊ အောက်တိုဘာ – ၁၇
စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမှာ ပြည်သူကို ပေါ်တာဆွဲဖမ်းဆီး၊ လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ အာဏာသိမ်း စစ်အုပ်စုကို ပြောက်ကျားတိုက်ခိုက်ဖို့ သွားရောက်တဲ့ တော်လှန်ရေး ရဲဘော်နှစ်ဦး စစ်အုပ်စုရဲ့ ချောင်းမြောင်းပိတ်ဆို့ ဖမ်းဆီးခံရကာ ပစ်သတ်ခံခဲ့ရတယ်လို့ တော်လှန်ရေး အင်အားစုတွေက MFP ကို ပြောပါတယ်။
အောက်တိုဘာ ၁၄ရက် နေ့လယ်ပိုင်းက မုံရွာမြို့၊ ချမ်းမြ၀တီရပ်ကွက်၊ ချင်းတွင်းဝါးတာပတ်(ChinDwin Water Park) အနီးမှာ စစ်အုပ်စုက တော်လှန်ရေး ရဲဘော် နှစ်ဦးကို ဖမ်းဆီး၊ ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ကျဆုံးရဲဘော်နှစ်ဦးဟာ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်(ပလဖ)က အသက် ၂၀ ဝန်းကျင် ရဲဘော်တွေ ဖြစ်တယ်လို့ မုံရွာမြို့နယ် တော်လှန်ရေး သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။
” အရင် အာဂူးတို့ ပလဖ အဖွဲ့ကလို့ ပြောတယ်၊ နှစ်ယောက် သေတယ်၊ တစ်ယောက် ဒဏ်ရာရတာ ရှိတယ်၊ သေတဲ့အထဲက တစ်ယောက်က အရှင်ဖမ်းမိပြီးမှ ပစ်သတ်ခံရတာ၊ တပ်ဖွဲ့၀င်တချို့တော့ လွတ်တယ် “
မုံရွာမြို့ပေါ် အုပ်စုဖွဲ့လက်နက်ကိုင်ပြီး နေ့စဉ်နဲ့အမျှ ပြည်သူကို ပေါ်တာဆွဲတာ၊ လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတာတွေ ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်အုပ်စုကို ပြောက်ကျားတိုက်ခိုက်ဖို့အတွက် တော်လှန်ရေး ရဲဘော်တွေ မြို့တွင်းကို ၀င်ရောက်ချိန် ဒလန်သတင်းပေးကြောင့် စစ်အုပ်စုဘက်က ကြိုတင်သတင်းရပြီး လမ်းပိုင်းကနေ စောင့်ကြို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
” အဓိကတော့ မစ်ရှင်သွားတာကို သတင်းပေးတဲ့ ဒလန်ရှိနေတာ၊ စစ်တပ်ဘက်က သတင်း အတိအကျကို ရနေတဲ့သဘော ရှိတယ်၊ သွားတဲ့အချိန်ရော၊ နေရာရောကို အတိအကျ လာစောင့်ပြီး ပစ်သွားတာ၊ မြို့ထဲအထိတောင် မရောက်ဘဲ စောင့်ပစ်ခံရတာ” လို့ မုံရွာနယ်ခံတော်လှန်ရေး တပ်ဖွဲ့၀င်တစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ တော်လှန်ရေး ရဲဘော်တွေကို ပစ်သတ်ပြီးနောက် အလောင်းတွေကို မုံရွာ လူမှုကူညီရေးအသင်းကားနဲ့ ကောက်ယူ ခိုင်းတယ်လို့ ဆိုပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က အောင်ပွဲခံ သတင်းဖြန့်ရာမှာတော့ အောက်တိုဘာ ၁၄ရက်က စစ်အုပ်စု ကင်းလှည့်နေချိန် မုံရွာမြို့၊ ကံမရွာလမ်းခွဲအနီးမှာ PDF ရှစ်ဦး၊ ဆိုင်ကယ် ငါးစီးနဲ့ မောင်းနှင်လာတာကို မြင်တွေ့လို့ ကြိုတင် လက်ဦးမှုယူ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီ ပစ်ခတ်မှုမှာ PDF အမျိုးသားအလောင်း သုံးလောင်း၊ M-22သေနတ် တစ်လက်၊ SIGSAUER ပစ္စတို နှစ်လက် ၊ ကျည်၊ လက်ပစ်ဗုံး စတာတွေ သိမ်းဆည်း ရရှိတာ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
စစ်အုပ်စုဟာ အဲ့ဒီ တော်လှန်ရေးတပ်ဖွဲ့၀င်တွေကို ပစ်ခတ်သတ်ဖြတ်ပြီးတဲ့နောက် ညပိုင်းမှာလည်း မုံရွာစီးပွားရေးတက္ကသိုလ်ထဲ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုနဲ့ ကျောက်စစ်ပုံ အမြောက်တပ်ရှိ စစ်အုပ်စုက မုံရွာမြို့ရဲ့ အရှေ့ခြမ်းရှိ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောက်တစ်နေ့ အောက်တိုဘာလ ၁၅ ရက်မှာလည်း မုံရွာစီးပွားရေးတက္ကသိုလ်ထဲ အထိုင်ချထားတဲ့ စစ်အုပ်စုက ဇလုပ်ကျေးရွာ အပါအဝင် အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုး၊ စီးနင်းလုယက်လို့ ပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ၂၀၂၄ က စလို့ မုံရွာမြို့နဲ့ ငါးမိုင်ပတ်လည်အတွင်းရှိ ကျေးရွာတွေကို မီးရှို့ပြာချကာ လမ်းဆုံလမ်းခွကျတဲ့ ကျေးရွာတွေထဲ စီးနင်းအထိုင်ချ တပ်စွဲထားတာ ဖြစ်ပါတယ်။



