မကွေးသတင်း

ရေစကြိုနယ် ကျေးရွာတွေ စစ်အုပ်စုက ဗုံးပတ်ကြဲသတ်ဖြတ်မှု လသားကလေးငယ် အပါအဝင် ပြည်သူ ၁၂ ဦး သေဆုံး၊ဒရုန်းနဲ့ စတင် ဗုံးကြဲပြီး ကူညီကယ်ဆယ်ရေး လုပ်ချိန် ရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေနဲ့ ထပ်မံ ဗုံးကြဲသတ်ဖြတ်တာဖြစ်၊

ပြည်သူတွေ ကြောက်ရွံ့ထိတ်လန့်ကာ ထွက်ပြေးနေကြရပြီး ဒဏ်ရာရသူတွေ ဆေးဝါးကုသခွင့် မရသေး၊

အီသာရမ်/MFP၊ အောက်တိုဘာ-၁၇

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုနယ် ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက မနေ့က နေ့လယ်ပိုင်း တိုက်လေယာဉ်၊ ဒရုန်း၊ ရဟတ်ယာဉ်တွေနဲ့ ဗုံးပတ်ကြဲသတ်ဖြတ်ခဲ့ရာ လသားအရွယ် ကလေးငယ် အပါအဝင် ဒေသခံ အရပ်သားပြည်သူ ၁၂ ဦး သေဆုံးကာ ဒဏ်ရာရသူလည်း အများအပြား ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

အောက်တိုဘာလ ၁၆ ရက် နေ့လယ် ၂ နာရီခန့်အချိန် ရေစကြိုနယ် သစ်ကြီးတော ကျေးရွာနဲ့ ပိတ်သင်းကပ်ကျေးရွာတို့ကို စစ်အုပ်စုက ဒရုန်း၊Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ ဂျက်ဖိုက်တာ တိုက်လေယာဉ်တွေနဲ့ ဗုံးပတ်ကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗုံးထိမှန်လို့ လသားအရွယ် ကလေးငယ် အပါအဝင် ဒေသခံ အရပ်သားပြည်သူ ၁၂ ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြား ရှိပြီး ရွာခံပြည်သူတွေ ကြောက်ရွံ့ထိတ်လန့်ကာ ရွာလုံးကျွတ် ထွက်ပြေးနေကြရပြီး ဒဏ်ရာရသူတွေ ဆေးဝါူကုသခွင့် မရကြသေးဘူးလို့ ဆိုပါတယ်။

“သေဆုံးတဲ့ ပြည်သူ အသက်အရွယ်တွေကတော့ ကလေးကတော့ နှစ်ယောက်ပါတာပေါ့၊ ခုနှစ်လ၊ရှစ်လ အရွယ် ကလေးတစ်ယောက်နဲ့ ၁၀ နှစ်ခွဲ တစ်ယောက်ရယ်၊ သစ်ကြီးတောက ၁၁ ယောက်နဲ့ ပိတ်သင်းကပ်က တစ်ယောက်ပါ” လို့ ရေစကြို ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်အုပ်စုဟာ သစ်ကြီးတောကျေးရွာ စတားလင့်အင်တာနက်ဆိုင်ကို ပစ်မှတ်ထားကာ ဗုံးကြဲသတ်ဖြတ်တာ ဖြစ်ပြီး ပထမဆုံးအနေနဲ့ ပခုက္ကူတပ်မ ၁၀၁ ကနေ ဒရုန်းနှစ်စီးနဲ့ စတင်တိုက်ခိုက်ကာ ထိခိုက်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်နေချိန် ပုဂံ – ညောင်ဦးမြို့ကနေ ပျံတက်လာတဲ့ Mi35 ရဟတ်ယာဉ်နဲ့ ထပ်မံ ဗုံးကြဲသလို မကွေးမြို့ကနေ ပျံတက်လာတဲ့ ဂျက်ဖိုက်တာတွေနဲ့ပါ တရစပ် ဗုံးကြဲပစ်ခတ် သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ စတားလင့်အင်တာနက်ဆိုင်ကို ဒရုန်း၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲသတ်ဖြတ်တာကြောင့် ကလေး၊ လူကြီး အများအပြား ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ တရစပ် ဗုံးကြဲသတ်ဖြတ်တာကြောင့် ဒေသခံပြည်သူတွေက ကျေးရွာကနေ အရေးပေါ်ထွက်ပြေးခဲ့ကြရပြီး ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကို အတိအကျ မသိနိုင်သေးသလို ဆေးဝါးကုသခွင့်လည်း မရကြသေးဘူးလို့ ဆိုပါတယ်။

စစ်အုပ်စု လေကြောင်းရန်ကြောင့် သစ်ကြီးတောကျေးရွာ သာမက ဝက္ကတောကျေးရွာ၊ ပိတ်သင်းကပ်ကျေးရွာနဲ့ သစ်ကောက်ဆိပ်ကျေးရွာတို့က ဒေသခံပြည်သူတွေလည်း ရွာထဲမနေရဲဘဲ ရှောင်တိမ်းထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

သစ်ကြီးတောကျေးရွာက ရေစကြိုမြို့နဲ့ ၁၄ မိုင်ခန့်အကွာ၊ ပခုက္ကူမြို့နဲ့ မိုင် ၃၀ ခန့်ကွာဝေးပြီး မနေ့က အဲ့ဒီရွာအနီး စစ်အုပ်စု စစ်ကြောင်းထိုးတာ မရှိသလို ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးလည်း မရှိဘဲ ဗုံးကြဲတိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ကျူးလွန်နေတာ ဖြစ်ပြီး အာဏာသိမ်းကာစကနေ ဒီနှစ် ဩဂုတ်လကုန်အထိ ငါးနှစ်ကျော်အတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားနေရာတွေကို လေကြောင်းဗုံးကြဲမှု ၁၄၀၅၅ ကြိမ် ကျူးလွန်ခဲ့ကာ ဗုံးထိမှန်လို့ အရပ်သားပြည်သူ ၆၀၆၂ ဦး သေဆုံးပြီး စာသင်ကျောင်း၊ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အအုံနဲ့ အရပ်သားပိုင်အဆောက်အအုံ ၁၅၁၇ခု ပျက်စီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားပါတယ်။

ရေစကြိုနယ် ကျေးရွာတွေပေါ် စစ်အုပ်စုက တိုက်လေယာဉ်၊ ဒရုန်း၊ ရဟတ်ယာဉ်တွေနဲ့ ဗုံးပတ်ကြဲလို့ ထိခိုက်မှုတွေ တွေ့ရစဉ်/Photo – ဒေသခံ (ပေးပို့)

Related Articles

Back to top button