စစ်ကိုင်းသတင်း

ကန့်ဘလူမှာ စစ်အုပ်စုက ရွာပေါ် ဗုံးကြဲသတ်လို့ မိသားစုဝင် ငါးဦး သေဆုံး၊အမျိုးသမီး လေးဦး ဒဏ်ရာရကာ တိရိစ္ဆာန်တချို့လည်း သေဆုံး၊အညာတခွင် စစ်အုပ်စုက နေ့စဉ်ဗုံးပတ်ကြဲ သတ်ဖြတ်နေ၊

လှိုင်း / MFP၊ အောက်တိုဘာ – ၂၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ထန်းတောကျေးရွာနဲ့ ချောင်းသာကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်လို့ အရပ်သား ပြည်သူ မိသားစုဝင် ငါးဦး သေဆုံးကာ အမျိုးသမီး လေးဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက် မနေ့က ညနေ ၆ နာရီကျော်အချိန် ကန့်ဘလူနယ်ထဲ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ စစ်အုပ်စုက မိထ္တီလာမြို့ကနေ ပျံတက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ်တစ်စင်းနဲ့ ထန်းတောကျေးရွာအနီး တောတိုက်တွေကို ဗုံးကြဲသတ်ဖြတ်တာလို့ ဆိုပါတယ်။

ဗုံးထိမှန်လို့ အပြစ်မဲ့ပြည်သူ မိသားစုဝင် ငါးဦး သေဆုံးကာ နောက်ထပ် ပြည်သူ အမျိုးသမီး လေးဦးလည်း ဒဏ်ရာ အပြင်းအထန် ရပြီး အိမ်မွေးတိရိစ္ဆာန်တချို့လည်း သေဆုံးတယ်လို့ ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ပြောပါတယ်။

သေဆုံးသူတွေဟာ တစ်မိသားစုတည်းဖြစ်တဲ့အပြင် မောင်နှမရင်းချာတွေလည်း ဖြစ်တဲ့ ထန်းတောကျေးရွာက အသက် ၄၆ နှစ်အရွယ် ဒေါ်ပြား၊ အသက် ၄၀ နှစ်အရွယ် ကိုကျော်ဝင်းအောင်နဲ့ ဇနီးဖြစ်သူ အသက် ၃၂ နှစ်အရွယ် မသီတာဝင်း၊ အသက် ၃၀ နှစ်အရွယ် မောင်လင်းထက်အောင်နဲ့ ဒေါ်ပြားရဲ့ သားဖြစ်သူ အသက် ၂၆ နှစ်အရွယ် ကိုစည်တို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးကာ နောက်ထပ် အသက် ၃၀ ကနေ ၆၀ကြားအရွယ် အမျိုးသမီးလေးဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

“တဲတော့ ဘယ်နှစ်လုံးပျက်လဲ မသိရဘူးဗျ။ ထိခိုက်ထဲက တစ်ယောက်ကလည်း ဒေါ်ပြားနဲ့ ညီအစ်မ အရင်းပါ။ သေဆုံးသူ မိသားစုဝင် ငါးဦးက နေရာမှာတင် သေဆုံးခဲ့ကြတာပါ။ ဗုံးကြဲသွားတဲ့ နေရာတွေမှာ တိုက်ပွဲ ဖြစ်ပွားတာလည်း မရှိပါဘူးဗျ။ စစ်ကြောင်းထိုးတာ ဘာညာလည်း မရှိပါဘူး” လို့ ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

ဒါ့အပြင် မနေ့က အဲ့ဒီဗုံးကြဲသတ်ဖြတ်မှုအပြီး နာရီဝက်အကြာမှာ မကွေးမြို့ကနေ ပျံတက်လာတဲ့ နောက်ထပ် ဂျက်ဖိုက်တာတစ်စင်းနဲ့ ကန့်ဘလူမြို့နယ်၊ ချောင်းသာကျေးရွာကို စစ်အုပ်စုက နှစ်ကြိမ် ဗုံးကြဲရာ နွားနှစ်ကောင် သေဆုံးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူနယ် ထန်းတောကျေးရွာကို မင်းအောင်လှိုင် လက်သပ်မွေးထားတဲ့ သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပျူစောထီးတွေ အပါအဝင် စစ်အုပ်စုက ယခင်ကလည်း မကြာခဏ စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပြီး လေကြောင်းဗုံးကြဲမှုတွေလည်း မကြာခဏ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်ကလည်း အဲ့ဒီ ကန့်ဘလူမြို့နယ်၊ ချောင်းရှည်၊ ထန်းတောနဲ့ အုန်းခြောက်လုံး ကျေးရွာတွေကို စစ်အုပ်စုက ဒရုန်း၊ ဂျက်ဖိုက်တာတွေနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်ရာ ဒေသခံပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာက စစ်ဘေးရှောင်နေတဲ့ ဒေသခံအချို့ ကျေးရွာထဲကို ပစ္စည်းယူဖို့ ပြန်လာတဲ့အချိန် စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် လေးဦး သေဆုံးခဲ့ပါသေးတယ်။

ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာအများစုက ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ လေကြောင်းအန္တရာယ်ကို စိုးရိမ်နေရတဲ့အပြင် တောင်ယာလယ်လုပ်ငန်း လုပ်ကိုင်နေကြချိန်လည်း ဖြစ်တာကြောင့် ကျေးရွာတွေ အတွင်း နေထိုင်မှု နည်းပါးကြပြီး ရွာအနီးမှာရှိတဲ့ တောင်ယာတဲတွေမှာပဲ မိသားစုဆွေမျိုးတွေ နေထိုင်ကြတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဘက်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ကျေးရွာ၊ ဘုရားကျောင်းကန်နဲ့ စာသင်ကျောင်းတွေကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်နေတာကြောင့် သီတင်းကျွတ် အခါသမယအချိန်အတွင်း ဗုဒ္ဓဘာသာဝင် မိဘပြည်သူတွေအနေနဲ့ ကုသိုလ်ဒါန အလှူပေးရန် လူစုလူဝေး ပြုလုပ်ရာမှာ လေကြောင်းအသိ၊ လေကြောင်းသတိဖြင့် ဂရုတစိုက် ပြုလုပ်ကြဖို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးတိုက်တွန်းထားပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ကန့်ဘလူနယ် အပါအဝင် အညာတခွင် စစ်ရှုံးပြီး နယ်မြေ မစိုးမိုးနိုင်တဲ့ မြို့၊ရွာတွေက ပြည်သူတွေကို နေ့စဉ် ဗုံးပတ်ကြဲ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဩဂုတ်လအထိ ငါးနှစ်ကျော်အတွင်း စစ်အုပ်စုက အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမှု အကြိမ် ၁၀,၅၀၀ ကျော် ကျူးလွန်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၆၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သုတေသန အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button