
အထိနာသွားတဲ့ စစ်အုပ်စုက ပေါက်နယ် ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွား
အီသာရမ်/MFP၊အောက်တိုဘာ-၃၁
မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၂၂ ကနေ ကား၁၁ စီးနဲ့ စစ်ကြောင်းထိုးလာခဲ့တဲ့ စစ်အုပ်စုစစ်ကြောင်းနဲ့ ယာဉ်တန်းကို လမ်းတစ်လျှောက်မှာ တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့လည်း တိုက်ခိုက်ခဲ့ရာ အထိနာသွားတဲ့ စစ်အုပ်စုက ပေါက်မြို့နယ်အတွင်းက ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့က ဆိပ်ဖြူ ကပစ-၂၂ ကနေ စတင်ထွက်ခွာလာတဲ့ ခန့်မှန်းအင်အား ၃၅၀ ခန့်ပါ စစ်အုပ်စုစစ်ကြောင်းနဲ့ ကားအစီးရေ ၁၁ စီးပါ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက နေ့စဉ်နီးပါး မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်ခဲ့သလို FPV ဒရုန်းတွေနဲ့ပါ တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်အုပ်စု အထိနာသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။




“၂၂ က စထွက်လာပြီး မိုင်းဆွဲတိုက်ခိုက်တာတွေရှိတယ်၊သုံးရက်ဆက်တိုက်လောက်ကို တိုက်ခိုက်တာပေါ့၊FPVဒရုန်းနဲ့က မနေ့ကတိုက်ခိုက်တာပေါ့နော်၊မိုင်းဆွဲတိုက်ခိုက်တာကတော့ အကြိမ်ရေမနည်းဘူးပြောရမယ်၊ ဆက်တိုက်မိုင်းဆွဲနေကြတာ”
အောက်တိုဘာ ၃၀ ရက် မနေ့ကလည်း စစ်အုပ်စုယာဉ်တန်းကို တော်လှန်ရေးတပ်တွေက FPV ဒရုန်းနဲ့ တိုက်ခိုက်နိုင်ပြီး စစ်ကြောင်းမှာပါလာတဲ့ ကားတွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီလို တော်လှန်ရေးတပ်တွေက တိုက်ခိုက်တာကို ခံရပြီးနောက်မှာ စစ်အုပ်စုက ဂျက်ဖိုက်တာ၊Mi35 တို့နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကပစ-၂၄ ကနေလည်း လက်နက်ကြီး (ဟောင်ဝှစ်ဇာ အမျိုးအစား)နဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် အထိနာသွားတဲ့ စစ်အုပ်စုက ယာကြီးပြင်ပျူစောထီးစခန်းမှာ ညအိပ်ကာ အနီးက တယ်ပင်ကန်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူနေအိမ် ၂၀ ခန့်နဲ့ တိရစ္ဆာန် ထားရှိတဲ့ တဲတွေ ၂၂ လုံးကျော် မီးလောင်ပျက်စီးသွားရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဆိုပါ စစ်အုပ်စုစစ်ကြောင်းဟာ ပေါက်မြို့နယ် ကပစ-၂၄ ကို ယာဉ်တန်းတွေနဲ့ ပြန်လည်ဝင်ရောက်သွားပြီး ထပ်မံပြီး ဘယ်ကိုဦးတည်စစ်ကြောင်းထိုးမယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
အဆိုပါ စစ်အုပ်စုစစ်ကြောင်းကြောင့် ပေါက်မြိုနယ်က ဒေသခံပြည်သူတွေက အောက်တိုဘာလ ၂၇ ရက်နေ့ကတည်းက ကျေးရွာတွေကနေ စွန့်ခွာထွက်ပြေးနေကြရပြီး နယ်မြေရှင်းလင်းပြီးတဲ့အချိန်ထိ ရှောင်တိမ်းနေကြရဦးမယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် ပေါက်မြို့နယ် ချက်ကန်ရွာ၊ သပြေရေရွာ၊ မှန်ထောင်ကွင်း စစ်ဘေးရှောင်စခန်း၊ ဝန်လဲရိုးအထက်ရွာ၊ တယ်ပင်ကန်ရွာ၊ ပေခုနှပင်ရွာ၊ စတဲ့ ကျေးရွာတွေက အိမ်ထောင်စု ၁၀၇၀၊ လူဦးရေ ၅၃၅၀ ဦး တောတောင်တွေထဲ ရာသီဥတု နေပူဒဏ်ကိုအံတုရင်း စစ်ဘေးရှောင်နေကြရတယ်လို့ ပေါက်မြို့နယ် လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုရန်ကြောင့် ထွက်ပြေးနေကြရတဲ့ ပေါက်မြို့နယ်အတွင်းက စစ်ရှောင်တွေနဲ့ စစ်အုပ်စုမီးရှို့ခဲ့တဲ့ နေအိမ်တွေ /ဓာတ်ပုံ-ပေါက်မြို့နယ်လူသားစာနာ



