မကွေးသတင်း

မကွေး ပေါက်ဒေသ ကျေးရွာတွေပေါ် စစ်အုပ်စု ဗုံးကြဲလို့ အရပ်သား ခုနှစ်ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာရ၊

အသက် ၉၀အရွယ် မျက်မမြင်အဖွား အပါအဝင် နေအိမ်ထဲမှာနေတဲ့ ပြည်သူတွေ သေဆုံးတာ ဖြစ်၊

လှိုင်း/MFP၊ နိုဝင်ဘာ – ၄

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာတွေပေါ် နိုဝင်ဘာ ၃ရက် နေ့လယ်ပိုင်း အာဏာသိမ်း စစ်အုပ်စုက ဗုံးကြဲလို့ အရပ်သား ခုနှစ်ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရက်၊ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်မှာ ပုဂံ-ညောင်ဦး လေဆိပ်ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ (Gyrocopter) သုံးစီးနဲ့ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာတွေဖြစ်တဲ့ ကျောက်ခွက်၊ အိုင့်ကျယ်နဲ့ လယ်လန်းကျေးရွာတွေကို တိုက်ပွဲဖစ်ပွားခြင်း မရှိဘဲ စစ်အုပ်စုက ဗုံးပတ်ကြဲ သတ်ဖြတ်တာလို့  ပေါက်မြို့နယ် လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်း စာနာထောက်ထားရေးဌာန (ပေါက်မြို့နယ် လူသားစာနာ)က  ထုတ်ပြန်ပါတယ်။

ဗုံးထိမှန်လို့ ကျောက်ခွက်ကျေးရွာက အရပ်သားပြည်သူ ဆယ်ကျောက်သက်အရွယ် အမျိုးသား လေးဦးနဲ့ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ခြောက်ဦး သေဆုံးပြီး အမျိုးသားလေးဦး၊ အမျိုးသမီးငါးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

“ခြောက်ဦးလုံး သေတာက စျေးဆိုင်ပေါ် တည့်တည့်ကျတာ။ နေရာမှာတင် ပွဲချင်ပြီးသေဆုံးတာပါ” လို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

ဒါ့အပြင် လယ်လန်းကျေးရွာက ကိုရင်ကြီးတစ်ပါး အပါအဝင် အမျိုးသား တစ်ဦး အမျိုးသမီး ငါးဦး ဒဏ်ရာရပြီး အသက် ၉၀ အရွယ် မျက်စိမမြင်ရတဲ့ အဖွားအိုတစ်ဦး နေရာမှာတင် သေဆုံးတယ်လို့ ဆိုပါတယ်။

မနေ့က နိုဝင်ဘာ ၃ ရက်မှာပဲ ပေါက်မြို့နယ်ကို ဂျက်ဖိုက်တာ တိုက်လေယာဉ်၊ Mi -35 ရဟတ်ယာဉ်၊ ဂျိုင်ရိုကော်ပတာတွေ ဗုံးပတ်ကြဲခဲ့တဲ့အပြင် ပေါက်မြို့ အ​ခြေစိုက် စစ်အုပ်စုရဲ့ လက်နက်စက်ရုံ ကပစ ၂၄ ကနေလည်း ကျေးရွာတွေဘက် လက်နက်ကြီးတွေနဲ့ ကိုးကြိမ်ထိ  ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ရန်ကြောင့် ပေါက်မြို့နယ်တောင်ပိုင်းရှိ ဝန်ခြုံး၊ ကျောက်ခွက်၊ အိုင့်ကျယ်၊ သီးချောက်၊ သရဖီနဲ့ လယ်လန်း စတဲ့ ကျေးရွာတွေက အိမ်ထောင်စု ၉၅၀ ကျော်၊ လူဦးရေ ၃၀၀၀ ကျော်ဟာ ကျေးရွာထဲမှာ မနေရဲတော့ဘဲ တောတောင်တွေကြား ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပေါက်မြို့နယ် လူသားစာနာ ဌာနက ဖော်ပြပါတယ်။

စစ်အုပ်စုက သီတင်းကျွတ်ကာလ အောက်တိုဘာ ၂၇ရက်က စတင်ကာ ဆိပ်ဖြူ လက်နက်စက်ရုံ ကပစ ကနေ ကားအစီး ၂၀ ကျော်၊ အင်အား ၃၀၀ ကျော်နဲ့ ပေါက်မြို့နယ်ထဲ ဝင်ရောက်ကာ ကျေးရွာတွေကို စီးနင်းလုယက်၊ ဖောက်ထွင်းခိုးယူနေတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်ကားတန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ချိန် စစ်အုပ်စုက အောက်တိုဘာ ၃၀ ရက်မှာ ပေါက်မြို့နယ်၊ တယ်ပင်ကန်ကျေးရွာက စီးနင်းလုယက်ပြီး မီးရှို့လို့ နေအိမ် အလုံး ၃၀ ကျော် ပြာကျ ပျက်စီးခဲ့ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ သီတင်းကျွတ်ကာလ ပုဂံမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်ပြီးနောက် ပုဂံမြို့ရဲ့ ဧရာဝတီမြစ်တဖက်ခြမ်းရှိ ပခုက္ကူနယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေသလို ပုဂံလေဆိပ်ကို အသုံးပြုကာ ဒေသတွင်း နေ့စဉ် ဗုံးပတ်ကြဲ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

ပုဂံမြို့က စစ်အုပ်စုနဲ့ ပျူစောထီးတွေ အပါအဝင် ပုခက္ကူနယ် အခြေစိုက် တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မ ဌာနချုပ်ကနေ ပြီးခဲ့တဲ့ မေလကတည်းက ထွက်လာတဲ့ စစ်အုပ်စုဟာ ပေါက်နဲ့မြိုင်နယ်ရှီ ရေနံမှော်၊ ရေနံတွင်းတွေဘက် စစ်ကြောင်းထိုးနေပြီး ခြောက်လအတွင်း သူတို့စီးနင်းဝင်ရောက်နိုင်တဲ့ ကျေးရွာ ၁၁ရွာကို ဖောက်ထွင်းလုယက်၊ မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သလို ဒေသခံ အရပ်သားပြည်သူ ၃၀ ကျော်ကိုလည်း သတ်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်း ကျေးရွာတွေအပေါ် စစ်အုပ်စုက ဗုံးပတ်ကြဲလို့ ထိခိုက်သေဆုံး၊ ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ပေါက်မြို့နယ် လူသားစာနာ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ပခုက္ကူ #မကွေး ​ #​ပေါက်နယ်စစ်ဘေးရှောင်

Related Articles

Back to top button