
ရွှေဥ/MFP၊နိုဝင်ဘာ-၄
ပျူစောထီးတွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်အုပ်စုက ဒေသခံတွေ အဓိက အသုံးပြုနေတဲ့ ကာဘိုး – ချဉ်မြစ်ကျင်း – တင်ကုတ်ကြီး – ထန်းကုန်း – ကန့်ဘလူလမ်းကို သွားလာခွင့် ပိတ်ထားတာ နှစ်လကျော်ရှိလာပြီး ကျေးရွာ (၁၀)ရွာကျော်မှာ ဆေးဝါးနဲ့ ကုန်စည်တွေ ပြတ်တောက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။
ကုန်စည်စီးဆင်းမှုအတွက် ဒေသခံတွေ အဓိကအားထားနေရတဲ့ ကာဘိုး – ချဉ်မြစ်ကျင်း – တင်ကုတ်ကြီး – ထန်းကုန်း – ကန့်ဘလူလမ်းကို စက်တင်ဘာလကစတင်ကာ သွားလာခွင့် ပိတ်ထားတာကြောင့် ကျေးရွာ (၁၀)ရွာကျော်၊ အိမ်ခြေ (၂၃၀၀)ကျော်က ဒေသခံသောင်းချီဟာ ကုန်စည်ပြတ်လပ်ပြီး ဝယ်ယူရခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။



ကန့်ဘလူမြို့နယ်ထဲက စစ်ရှောင်တွေအများစု နေထိုင်ရာ ကျေးရွာတွေဖြစ်တဲ့ အိမ်ခြေ(၁၈၀) ရှိတဲ့အိုင်ပေါင်းချောင် ၊အိမ်ခြေ (၁၅၀)ရှိတဲ့အောင်ချမ်းသာ၊အိမ်ခြေ(၂၃၅)ရှိတဲ့ဝက်သိုး၊ အိမ်ခြေ(၁၆၀)ရှိတဲ့ ယင်းတိုက်၊ အိမ်ခြေ-(၃၆၅)ရှိတဲ့ကျောက်တိုင် ၊ အိမ်ခြေ(၉၀၆)ရှိတဲ့ ကျီစု၊အိမ်ခြေ(၁၀၀)ရှိတဲ့ပင်စိမ်းခင်း၊အိမ်ခြေ (၁၀၀)ရှိတဲ့ ငါးရုံကြီး၊အိမ်ခြေ -(၁၁၀)ရှိတဲ့ရှားတော စတဲ့ကျေးရွာတွေဟာ ကုန်စည်ပြတ်လပ်မှုဒဏ်ကို ခံစားနေရပြီး အိမ်သုံးဆေးဝါး၊ စက်သုံးဆီ၊ဓါတ်ဆီနဲ့ ငပိ၊ဆားစတဲ့ စားသောက်ကုန်စည် အများအပြား ပြတ်တောက်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါလမ်းပိုင်းကို အရင်က တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားခဲ့ပြီး အခု စစ်အုပ်စုက ပြန်လည်ထိန်းချုပ်သွားချိန်မှာ လမ်းတလျှောက် ဂိတ်တွေချထားကာ ပြီးခဲ့တဲ့နှစ်လကစပြီး သွားလာခွင့်တွေပါ ပိတ်ထားခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် လမ်းတလျှောက်မှာလည်း ပျူစောထီးကျေးရွာ (၄၈)ရွာလောက်ရှိပြီး ပျူစောထီးတွေက လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်၊သတ်ဖြတ်တာတွေရှိနေတာကြောင့် အသုံးမပြုရဲ ဖြစ်နေကြတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ကုန်တွေက မြို့ပေါ်တက်ဝယ်ရတာ ၊အဲ့ဒီလမ်းကို ဖြတ်သွားကြရတာ ၊အဲ့ဒီလမ်းမှာက ပျူရွာက ၄၈ရွာရှိတယ်။ဖမ်းတာ၊ဆီးတာ၊သတ်တာတွေနဲ့ဆိုတော့ မသွားရဲကြဘူး။ဆေးဝါးကတော့ ပြတ်နေတာကြာပြီ။ နာတာရှည် ရောဂါသည်၊ဆီးချို ၊ကျောက်ကပ်ရောဂါသည်တွေဆို ဘာဆေးမှ မရှိတာကြာပြီ”
အဲဒီလို ဆေးဝါးရရှိဖို့ ခက်ခဲနေကြတာကြောင့် ဒေသခံတွေဟာ ဆေးမြီးတိုတွေကို အားထားနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီလိုဆေးဝါးနဲ့ ကုန်ပစ္စည်းတွေပြတ်တောက်နေတာကြောင့် ရှောင်ကွင်းလမ်း (တော်လမ်း)ကတဆင့် ခရီးကွာဝေးတဲ့ ခင်ဦးမြို့နယ်ကို ကုန်စည်တွေ သွားရောက်ဝယ်ယူနေရပြီး သယ်ယူစရိတ်များတာကြောင့် နောက်ဆက်တွဲအဖြစ် ဒေသတွင်း ကုန်စျေးနှုန်းတွေလည်း သုံးဆကျော် မြင့်တက်လာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဆိုင်ကယ်နဲ့သယ်ကြရတာ ။တောလမ်းကနေ သယ်ကြရတာ ။အရင်က ဆားတစ်ပိသာက (၁၀၀၀/၁၂၀၀) လောက်ရှိတာ၊အခုက ဆားတစ်ပိသာ ၅၀၀၀ထောင်ရှိတယ်၊တခြားဟာတွေလည်း အဲဒီလိုပဲ။”
ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်အုပ်စုအထိုင်စခန်းတွေအပြင် ပျူစောထီးကျေးရွာ (၆၀)ကျော်ရှိပြီးတော့ စစ်အုပ်စုနဲ့ ပျူစောထီးတွေက လမ်းမကြီးတလျှောက်မှာ ဂိတ်ဖွင့် ငွေညှစ်တာတွေအပြင် အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှု အကြိမ်ရေ(၃၀)ကျော် ကျူးလွန်ခဲ့ရာ အမျိုးသမီးတွေ အပါအဝင် အရပ်သား အယောက် (၄၀)ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကာဘိုး – ချဉ်မြစ်ကျင်း – တင်ကုတ်ကြီး – ထန်းကုန်း – ကန့်ဘလူလမ်းပိုင်း စစ်အုပ်စုဘက်က ပြန်လည်စိုးမိုးသွားချိန်မှာတော့ ကျေးရွာတချို့က ဒေသခံတွေဟာ နေရပ်မပြန်ရဲကြဘဲ တောတောင်ထဲ လှည့်ပတ်နေထိုင်နေကြတယ်လို့ ဆိုပါတယ်။
ကန့်ဘလူခရိုင်၊ကောလင်းခရိုင်၊ကသာခရိုင်ဆိုတဲ့ “က”သုံးလုံးဒေသဟာ မန္တလေး၊ကချင်၊ချင်းမြောက်ပိုင်းတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေသလို စစ်ရေးအရ အရေးပါတဲ့ ဒေသလည်းဖြစ်တာကြောင့် စစ်အုပ်စုက လမ်းပိုင်းတွေစိုးမိုးဖို့ ပြန်လည်ကြိုးစားပြီး ထောက်ပို့လမ်းကြောင်းတွေ ဖြတ်တောက်ဖို့ ကြံစည်နေတာလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ် တောတောင်ထဲ စစ်ရှောင်နေကြရတဲ့ ပြည်သူတွေ/ဓာတ်ပုံ-ဒေသခံ



