
အီသာရမ်/MFP၊နိုဝင်ဘာ-၄
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ ပေါ်တာဆွဲ ကင်းပတ်ထွက်လာတဲ့ စစ်အုပ်စုရဲတွေကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ဆိုင်းကာ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး ရဲနှစ်ယောက် နေရာမှာ ပွဲချင်းပြီးသေဆုံးကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ နေပြည်တော်တပ်ရင်း(၉၀၂)၊တပ်ခွဲ-၃ တောင်တွင်းကြီးတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၂၈ ရက်နေ့က တောင်တွင်းကြီးမြို့နယ် ကုက္ကိုလ်ကုန်းရဲစခန်းကနေ ပေါ်တာဆွဲ ကင်းပတ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုရဲ ၆ ဦးကို ဆတ်သွား-လယ်ဝေးလမ်းပိုင်း ပေါ်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပြီး ၁၅ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ နေပြည်တော်တပ်ရင်းအမှတ် ၉၀၂ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
“ရန်သူအင်အား ခြောက်ယောက်မှာ သုံးယောက်က ထွက်ပြေး၊ တစ်ယောက်က ရသလောက်ခံပစ်တယ် နှစ် ယောက်သေတယ်။ ခံပစ်တဲ့ကောင်လည်း ဒဏ်ရာရပြီး ထွက်ပြေးသွားတယ်” လို့ နေပြည်တော်တပ်ရင်းအမှတ် ၉၀၂ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်ရာမှာ သေဆုံးခဲ့တဲ့ ရဲတွေဆီက သေနတ်တစ်လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ကုက္ကိုလ်ကုန်းရဲစခန်းမှာ စစ်အုပ်စုရဲ ခန့်မှန်းအင်အား အယောက် ၃၀ ခန့် အထိုင်ချတပ်စွဲထားပြီး အဲဒီရဲစခန်းကနေ ဆတ်သွားကျေးရွာနဲ့ ကုက္ကိုကုန်းရဲစခန်းကြားမှာ ဒေသခံလူငယ်တွေကို မကြာခဏပေါ်တာဆွဲ ငွေညှစ်နေကြတာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ရိုးမဖိုက်တာစစ်ကြောင်း၊ မကွေး-တောင်တွင်းကြီး အထူးးပြောက်ကျားတပ်ဖွဲ့ နဲ့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဏ္ဏဝတီ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။



