မကွေး ပေါက်နယ် စစ်အုပ်စု နှစ်ရက်ဆက်ဗုံးကြဲလို့ ပြည်သူ ခုနှစ်ဦး သေဆုံး၊ ဒဏ်ရာရသူ များ၊

ရွာတွေပေါ် ဗုံးကြဲ၊ လက်နက်ကြီး ထုလို့ ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေးနေကြရ၊
အီသာရမ်/MFP၊ နိုဝင်ဘာ-၅
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာတွေအပေါ် အာဏာသိမ်း စစ်အုပ်စုက နှစ်ရက်ဆက် ဗုံးကြဲတာကြောင့် ဒေသခံ အရပ်သားပြည်သူ ခုနှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ များပြားသလို စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေလည်း အများအပြား ထိခိုက်ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
နိုဝင်ဘာလ ၃ ရက်နဲ့ ၄ ရက်တွေမှာ ပုဂံ-ညောင်ဦးလေဆိပ်ကနေ ပျံတက်လာတဲ့ ဂျိုင်ရိုကော်ပတာ (Gyrocopter)၊ Mi35 ရဟတ်ယာဉ်တွေနဲ့ စစ်အုပ်စုက ပေါက်မြို့နယ်တောင်ပိုင်း ကျေးရွာတွေအပေါ် ဗုံးပတ်ကြဲ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
နိုဝင်ဘာလ ၄ ရက် နေ့လည်က ပေါက်မြို့နယ်တောင်ပိုင်း သီးချောက်ကျေးရွာ ကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ၊ Mi35 တို့နဲ့ ဗုံးကြဲရာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း အပါအဝင် အဆောက်အဦးတွေ ပျက်စီးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဆက်တိုက်ကြဲနေတာ ဒီနေ့တော့ မကြားသေးဘူး၊ မနေ့က ၄ နာရီလောက်က Mi-35 တစ်ကြိမ် လုပ်တယ်၊ ၁နာရီကျော်လောက်ကလည်း ဂျိုင်ရိုကော်ပတာနဲ့ ကြဲသေးတယ်၊ အရင်ရက်ညကလည်း ဒရုန်းနဲ့ ကြဲတာ ရှိသေးတယ်”

နိုဝင်ဘာလ ၃ ရက်က ပေါက်မြို့နယ် ကျေးရွာတွေအပေါ် စစ်အုပ်စုက ဗုံးပတ်ကြဲရာ ကျောက်ခွက်ကျေးရွာက ဒေသခံပြည်သူ ခြောက်ဦးနဲ့ လယ်လန်းကျေးရွာက ပြည်သူတစ်ဦး စုစုပေါင်း ခုနှစ်ဦး သေဆုံးပည ဒဏ်ရာရသူ ခြောက်ဦး ရှိခဲ့ပါတယ်။ ကျောက်ခွက်ကျေးရွာပေါ် စစ်အုပ်စုက ဗုံးပတ်ကြဲရာမှာ စျေးဆိုင်တစ်ဆိုင်ပေါ် တည့်တည့်ကျတဲ့ ဗုံးကြောင့် စျေးသည်စျေးဝယ် ခြောက်ဦး သေဆုံးကာ လယ်လန်းရွာမှာတော့ အသက် ၉၀အရွယ် မျက်မမြင်အဖွားအို သေဆုံးခဲ့တာလို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ပခုက္ကူတပ်မ ၁၀၁ ကနေ ပျံတက်တဲ့ ဒရုန်းတွေနဲ့လည်း ပေါက်နဲ့မြိုင်နယ် ကျေးရွာတွေတို့ကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့ရက်ပိုင်းက ဆိပ်ဖြူမြို့ စစ်အုပ်စုရဲ့ လက်နက်စက်ရုံ ကပစ ၂၂ ကနေ ထွက်လာတဲ့ ကားအစီးရေ ၂၀ကျော်၊ အင်အား ၄၀၀ ခန့်ပါ စစ်အုပ်စုဟာ ပေါက်မြို့နယ်ထဲ ဝင်ရောက်လာပြီး ကားလမ်းတလျှောက် ကျေးရွာတွေကို စီးနင်းကာ ဖောက်ထွင်းလုယက်၊ မီးရှို့တာ၊ တွေ့သမျှပြည်သူ ဖမ်းဆီး သတ်ဖြတ်တာတွေကြောင့် ပေါက်မြို့နယ် ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ပေါက်မြို့နယ် လူသားချင်း စာနာ ထောက်ထားရေး ဌာနက ထုတ်ပြန်ထားပါတယ်။
ပေါက်နယ်က ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ ရက်သတ္တပတ်ကျော် ရှိလာပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ လေကြောင်းရန်ကို ထပ်မံ ရင်ဆိုင်နေကြရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ဆိုပါတယ်။
ဆိပ်ဖြူ ကပစ ၂၂ ကနေ ပေါက်မြို့နယ်ထဲ ဝင်ရောက်လာပြီး ရွာမီးရှို့၊ ဖောက်ထွင်းခိုးယူနေတဲ့ စစ်အုပ်စုကို ပေါက်မြို့နယ်အတွင်း တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ အထိနာတဲ့ စစ်အုပ်စုက အောက်တိုဘာ ၃၀ရက်မှာ ပေါက်မြို့နယ်၊ တယ်ပင်ကန်ကျေးရွာကို မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၃၀ ခန့် မီးလောင်ပြာကျ ပျက်စီးခဲ့ရပါတယ်။

အဲဒီ ဆိပ်ဖြူဘက်က လာတဲ့ စစ်အုပ်စုဟာ ပေါက်မြို့နယ် ကပစ ၂၄ က တဆင့် ချင်းနဲ့မကွေးအစပ်၊ ယောဒေသ၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ဆီ ဦးတည်နေပြီး ပေါက် ကပစ ၂၄ ကနေလည်း အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်လို့ ကျေးရွာ ကိုးရွာက ပြည်သူ ၄၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ပေါက်မြို့နယ် လူသားစာနက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ချင်းပြည် တောင်ပိုင်းရှိ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေ အပါအဝင် ချင်းနဲ့မကွေး အစပ်ရှိ စစ်ရှုံးမြို့ရွာတွေ ပြန်ရရေးအတွက် မေလက စလို့ တန်ပြန်ထိုးစစ်ဆင်နေပြီး အဲ့ဒီ ချင်း-မကွေးအစပ် တိုက်ပွဲတွေမှာ စစ်အုပ်စုက ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေကို အသေခံ စစ်တိုက်ခိုင်းနေတာလို့ ဒေသခံတော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်အုပ်စုက ပေါက်မြို့နယ် ကျေးရွာတွေကို ဗုံးကြဲ၊ လက်နက်ကြီး ထု၊ စီးနင်းလုယက် မီးရှို့နေလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – ပေါက်မြို့နယ် လူသားစာနာ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ပေါက်မြို့နယ် #စစ်ဘေးရှောင်ပြည်သူ



