
မန္တလေးမှာ ဖြစ်တဲ့ ဓားပြတိုက်၊ လုယက်မှုတွေ ပျူစောထီး မဟုတ်ရင် စစ်အုပ်စုက ဖမ်းမိလေ့ရှိ၊
Phoenix၊ ကျောက်စိမ်း/MFP၊ နိုဝင်ဘာ – ၅
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်ရှိ ဖုန်းဆိုင်နဲ့ လျှပ်စစ်ပစ္စည်းဆိုင်ကို အမျိုးသားတစ်ဦးက သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ လုယက်ဓားပြတိုက်မှု မနေ့က ညနေပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
နိုဝင်ဘာ ၄ ရက် ညနေ ၃ နာရီကျော်အချိန် မန္တလေးမြို့၊ ၅၅ လမ်း၊ ၂၆ လမ်းနဲ့ ၂၇ လမ်းကြားရှိ ဆိုလာနဲ့ လျှပ်စစ်ပစ္စည်းဆိုင်ကို ဆိုင်ကယ်ဦးထုပ်ဆောင်း၊ Mask တပ်ထားပြီး လက်ရှည်အင်္ကျီနဲ့ ဂျင်းဘောင်းဘီ ဝတ်ထားတဲ့ အမျိုးသားတစ်ဦးက သေနတ်အတိုနဲ့ နှစ်ချက်ပစ်ဖောက်ကာ ငွေတောင်းခဲ့ပြီး ဆိုင်မှာ ငွေမရတာကြောင့် ပြန်ထွက်သွားကာ ညနေ ၆နာရီဝန်းကျသ်မှာ ၅၈ လမ်း၊ ၃၂ လမ်းနဲ့ ၃၂ (A) လမ်းကြားရှိ ဖုန်းဆိုင်ကို အဲဒီ အမျိုးသားကပဲ ထပ်မံ ဝင်ရောက်လာပြီး သေနတ် နှစ်ချက်ပစ်ဖောက်ကာ ငွေတောင်း ပြီးနောက် ဆိုင်ကောင်တာကို ရိုက်ခွဲကာ ဖုန်းဟန်းဆက် လေးလုံး လုယူ ထွက်ပြေးတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
အဲ့ဒီလို သေနတ်ဖောက် လုယက်မှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က ကျူးလွန်သူကို အဖမ်း မပြသေးပေမယ့် ပျူစောထီး မဟုတ်တဲ့သူဆိုရင် မကြာခင် ဖမ်းပြလိမ့်မယ်လို့ မြို့ခံတစ်ဦးက မှတ်ချက်ပြုပါတယ်။
“အခုလို ဘာမှမဝေးတဲ့ နေရာနှစ်ခုကို နာရီပိုင်းပဲခြားပြီး သေနတ်ပြ ဓါးပြတိုက်သွားတာတော့ မင်းအောင်လှိုင် အစိုးရကို သေးပန်း ကော့ပြလိုက်တာပါပဲ၊ သေနတ်ကိုင် ဓါးပြတိုက်ရင်၊ ဓါးခုတ်လုရင် ဒီကောင်တွေ (ပျုစောထီး ခေါ် ပြည်သူ့စစ်) ပဲ၊ ရှေ့မှာလည်း ဖြစ်ခဲ့ပြီးပြီ။ သူတို့ စစ်တပ်ထဲ ရောက်သွားတဲ့ ကောင်တွေနဲ့ ရပ်ကွက်ထဲ သေနတ်ကိုင် ဇိုးလိုလို ပျုလိုလို လူလိမ်လူကောက်လူမိုက် လုပ်နေကဲ့ ကောင်တွေလေ၊ အရင်ကတည်း လက်စလက်န ရှိပြီးသာား၊ မန္တလေးမှာ အခုလို ပြဿနာြ ဖစ်ရင် ဒီကောင်တွေပဲ လုပ်တာ များတယ်”
စစ်အာဏာမသိမ်းခင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီ အစိုးရ လက်ထက် ကတည်းက မန္တလေးမြို့မှာ AI (Artificial Intelligence – ဉာဏ်ရည်တုနည်းပညာ) စနစ်သုံး ကင်မရာတွေ အပါအဝင် CCTV ကင်မရာတွေ မြို့တွင်း အချက်အချာ နေရာတွေမှာ တပ်ဆင်ခဲ့သလို အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း CCTV တွေ မန္တလေးမြို့အနှံ့ တိုးချဲ့ တပ်ဆင်ထားပါတယ်။
စစ်အုပ်စု အနေနဲ့ မန္တလေးတစ်မြို့လုံးကို စည်ပင်ရုံးရှိ CCTV ထိန်းချုပ်ခန်း (CCTV Control Room) ကနေ စောင့်ကြည့်လို့ရနေပြီး အဓိကအားဖြင့် မန္တလေးမြို့တွင်း သွားလာနေတဲ့ ကားနဲ့ဆိုင်ကယ်တွေကို ယာဉ်နံပတ်တွေကနေ ခြေရာခံကာ CCTV ကင်မရာတွေကနေတဆင့် စောင့်ကြည့်လို့ရနေတာကြောင့် မြို့ပေါ်မှာ ဖြစ်ပွားတဲ့ မှုခင်းဖြစ်စဉ်တွေမှာလည်း စစ်အုပ်စု ဖမ်းဆီးလိုတဲ့ အမှုတွေကို နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်တဲ့ အနေအထား ရှိတယ်လို့ စစ်အုပ်စုနဲ့ နီးစပ်တဲ့ မန္တလေးမြို့ခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ လတွေအတွင်း မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ခိုး၊ဆိုး၊ လုယက်၊ ဓားပြတိုက်မှုတွေထဲက စစ်အုပ်စု လက်နက်ကိုင်တွေနဲ့ ပျူစောထီးတွေ ပါဝင်ပတ်သက်မှု မရှိတဲ့ မှုခင်းတွေကို စစ်အုပ်စု ရဲက နာရီပိုင်း အတွင်း ဖမ်းမိခဲ့ကာ စစ်အုပ်စု လက်နက်ကိုင်တွေ ပါဝင်ကျူးလွန်တဲ့ အမှုတွေကိုတော့ မဖမ်းဘဲ လွှတ်ပေးထားတယ်လို့ ယူဆရလောက်အောင် ဖမ်းမမိတာမျိုးတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိ မန္တလေးမြို့ပေါ် ရပ်ကွက်တိုင်းမှာ စစ်အုပ်စု လက်သပ်မွေးထားတဲ့ ပျူစောထီးတွေ၊ မီးသတ်တွေ၊ အပြာ ယူနီဖောင်းဝတ်တွေရော၊ အရပ်ဝတ်တွေရော လက်နက်ကိုင်တွေ ခြေချင်းလိမ်ကာ အဲ့ဒီ စစ်အုပ်စု ရဲ၊ စည်ပင်၊ မီးသတ်၊ ပျူနဲ့ အပြာဝတ်တွေက အုပ်စုဖွဲ့ပြီး လမ်းသွားလမ်းလာတွေကို ငွေညှစ်တာ၊ ပေါ်တာဆွဲတာ၊ ပြန်ပေးဆွဲတာတွေလည်း ကျူးလွန်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ စစ်အုပ်စု လက်နက်ကိုင်တွေ ပေါများလာသလို ခိုး၊ဆိုး၊ လုယက်၊ ဓားပြမှုတွေလည်း ပိုမို အဖြစ်များလာပြီး တရားခံ ဖမ်းမမိတဲ့ မှုခင်းဖြစ်စဉ်တွေလည်း ပို များလာတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ယခုလတွေအတွင်း စစ်အုပ်စုက စစ်မှုထမ်း နှစ်နှစ်ပြည့်သူတွေကို ပြန်နှင်လွှတ်ပြီးနောက် မန္တလေးမြို့မှာ ခိုး၊ ဆိုး၊ လု၊ နှိုက် ကိစ္စတွေ ဖြစ်ပွားမှု ပိုမြင့်တက်လာတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့က သေနတ်ဖောက် လုယက်ခံရတဲ့ ဖုန်းဆိုင်ကို စစ်အုပ်စု အရပ်ဝတ်တွေက စစ်ဆေးနေစဉ်/Photo – စစ်အုပ်စု



