
အီသာရမ်/MFP၊နိုဝင်ဘာ-၅
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ မိခင်ရဲ့နာရေးကို ပြန်လာတဲ့ သားအဖ နှစ်ဦးဟာ တော်လှန်ရေးတပ်တွေ ကာကင်းအတွက် ပြင်ဆင်ထားတဲ့ မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
နိုဝင်ဘာလ ၄ ရက် မနေ့ညနေ ၆ နာရီ ကျော်က ဂန့်ဂေါမြို့နယ်၊ မောက်ရွာက မိခင်ရဲ့ နာရေးကိုသွားတဲ့ သားအဖနှစ်ဦးဟာ ရန်ကုန်မြို့က ပြန်လာပြီး ဂန့်ဂေါမြို့ရဲ့မြောက်ဘက်အရောက်မှာ တော်လှန်ရေးတပ်တွေ စစ်အုပ်စုစစ်ကြောင်းကာကင်းအတွက် ထောင်ထားတဲ့ မိုင်းနင်းမိကာ သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုင်းနင်းမိလို့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်က နေရာမှာပွဲချင်းပြီး သေဆုံးသွားပြီး၊ အသက် ၄၀ အရွယ် ဖခင်ဖြစ်သူကတော့ ဆေးကုသနေရင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“ပျူစောထီးဘက် မေးတာ သူတို့က ပြန်လို့ရတယ် ပြန်ဆိုလို့ ပြန်လာရင်း မိတာလို့ ပြောတယ် ၊ကလေးလေးကတော့ နေရာမှာပဲ ဆုံးသွားတယ် ။အဖေဖြစ်သူကတော့ ဆေးကုသွားတာလို့ ပြောကြတာပဲ အခုတွေ့တာတော့ ဆုံးသွားတယ်လို့ တွေ့တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဂန့်ဂေါမြို့ပေါ် အထိုင်တပ် ခလရ-၅၀ ကနေ စစ်အုပ်စုစစ်ကြောင်းတွေ မကြာခဏဆိုသလို ထွက်နေတာကြောင့် တော်လှန်ရေးတပ်တွေက လမ်းပိုင်းဖြတ်သန်းသွားလာခွင့်ကို ညနေ ၆ နာရီကနေ မနက်အစောပိုင်းအထိ ပိတ်ပင်ထားတာဖြစ်ပြီး သားအဖနှစ်ယောက်က အဲဒီကန့်သတ်ချက်ကို မသိဘဲ သွားခဲ့တာကြောင့် အခုလို သေဆုံးတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ခလရ-၅၀ က ဂန့်ဂေါမြို့နယ်မှာ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ မကြာခဏ ပြုလုပ်နေတာကြောင့် အနီးအနားက ကျေးရွာတွေက ဒေသခံတွေဟာ စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း ခလရ-၅၀ ကနေ စစ်အုပ်စုစစ်ကြောင်းက ဂန့်ဂေါနယ် မြစ်သာဆည်ပေါ်ကို စစ်အုပ်စုဝင်တွေ အပြောင်းအလဲ လုပ်ဖို့ဆိုပြီး စစ်ကြောင်းထိုးခဲ့သေးတယ်လို့ ဆိုပါတယ်။
ဂန်ဂေါခရိုင် ဆောမြို့နယ်တွေမှာလည်း ချင်းပြည်နယ်တောင်ပိုင်းကို ထိုးစစ်ဆင်ဖို့ စစ်အုပ်စုတပ်တွေ စစ်ကြောင်းထိုး မွှေနှောက်နေတာ လေးလခန့် ကြာမြင့်နေပြီဖြစ်ပြီး အဲဒီစစ်ကြောင်းတွေကြောင့် ဆောမြို့အပါအဝင် ပတ်ဝန်းကျင်ကျေးရွာတွေက ပြည်သူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
လတ်တလောမှာ စစ်ရေးတင်းမာနေတဲ့ ဒေသတွေက ပြည်သူတွေအနေနဲ့ ခရီးသွားလာတဲ့အခါ မြေပြင် လမ်းကြောင်းအခြေအနေတွေကို ကြိုတင်မေးမြန်းသွားလာကြဖို့ တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)ရဲ့ ၂၀၂၆ ခုနှစ် ပထမခြောက်လတာစာရင်းတွေအရ မြန်မာနိုင်ငံတဝန်းမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ကလေးသူငယ်တွေအပါအဝင် အရပ်သား ၇၂ ယောက်သေဆုံးခဲ့ကာ ၄၁၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး မကွေးတိုင်းထဲမှာတော့ ၁၁ယောက်သေဆုံးထားကာ ၆၉ယောက် ဒဏ်ရာရထားပါတယ်။



