မကွေးသတင်း

ယောတော်လှန်ရေးတပ်နှစ်ခု ပူးပေါင်းပြီး ယောအမျိုးသားတပ် တစ်ခုတည်း တည်ထောင်ဖို့ သဘောတူညီမှုရရှိ

အီသာရမ်/MFP၊နိုဝင်ဘာ-၆

မကွေးဖက်ဒရယ်ယူနစ် အတွင်းမှာရှိတဲ့ ယောဒေသမှာ ယောကာကွယ်ရေးတပ်-YDF နဲ့ ယောတပ်တော်-YA နှစ်ဖွဲ့ပူးပေါင်းပြီး ယောအမျိုးသားတပ်တစ်ခုတည်း တည်ဆောက်သွားဖို့ သဘောတူညီခဲ့တယ်လို့ ယောတပ်တော်-YA က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့မှာ ယောကာကွယ်ရေးတပ်-YDF နဲ့ ယောတပ်တော်-YA နှစ်ဖွဲ့ တာဝန်ရှိသူတွေက ယောဒေသတစ်နေရာမှာ‌ တွေ့ဆုံကာ ယောဒေသလွတ်မြောက်ရေး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ယောပြည်သူလူထုအကျိုးအတွက် ယောအမျိုးသားတပ်တွေ ပူးပေါင်းဖို့ တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

ဆွေးနွေးမှုအပြီးမှာ ယောဒေသလွတ်မြောက်ရေး၊ ယောကံကြမ္မာယောဖန်တီးခွင့်ရရေးနဲ့ ယောအမျိုးသားတပ်တစ်ခုတည်း ပူးပေါင်းသွားဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဆွေးနွေးမှုကနေ သဘောတူညီချက် ခုနှစ်ချက် ချမှတ်နိုင်ခဲ့ပြီး တပ်ပေါင်းစည်းရေးကော်မတီဖွဲ့စည်းတာ၊ ယောဒေသအတွင်းက အခြားတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပါဝင်နိုင်ဖို့ ဖိတ်ခေါ်တာနဲ့ အပြီးသတ် တပ်ပေါင်းစုဖွဲ့စည်းနိုင်ရေး အချိန်ကာလသတ်မှတ်ချက်တာ အပါအဝင် အခြားအချက်တွေကို သဘောတူညီမှုရရှိခဲ့တယ်လို့ ဆိုပါတယ်။

ယောဒေသမှာ စစ်အုပ်စုနဲ့ စစ်ရေးတင်းမာမှုတွေ ဆက်တိုက်ရှိနေခဲ့ပြီး စစ်အုပ်စုက ဆောမြို့နယ်ကို အခြေပြုပြီး လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ရခိုင်ဒေသကို ရိက္ခာလမ်းကြောင်းဖြတ်တောက်ဖို့နဲ့ ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်ဖို့ စစ်ကြောင်းတွေ ဆက်တိုက်ပို့ပြီး ထိုးစစ်ဆင်နေခဲ့တာ ၅ လခန့် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

အဲဒီစစ်အုပ်စုစစ်ကြောင်းတွေကို ယောဒေသမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာတော့ စစ်အုပ်စုစစ်ကြောင်းက ယောနယ်ကို ဖြတ်ပြီး ချင်းပြည်နယ်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။

အဲဒီစစ်အုပ်စုစစ်ကြောင်းတွေကြောင့် ဆောမြို့နယ်က ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတာ ငါးလခန့် ကြာမြင့်နေပြီဖြစ်ပြီး စစ်ရှောင်ပြည်သူတွေ စားဝတ်နေရေးခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Related Articles

Back to top button