စစ်ကိုင်း – ကချင်အစပ်၊ အင်းတော်နယ် မော်လူးမြို့မှာ လေးရက်ဆက် တိုက်ပွဲ ပြင်းထန်၊

စစ်အုပ်စုက ပြည်သူတွေကို လူသားဒိုင်း အသုံးချနေပြီး မြို့ထဲက ထွက်ရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်၊
ဗုံးထိလို့ ကလေးငယ်တစ်ဦးနဲ့ ကားဆရာတစ်ဦး သေဆုံးကာ ကားနဲ့အိမ်တွေ ပျက်စီး၊
လှိုင်း / MFP၊ နိုဝင်ဘာ – ၇
ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ အာဏာသိမ်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ လေးရက်ဆက် အပြင်းအထန် ဖြစ်ပွားနေပြီး စစ်အုပ်စုက ပြည်သူနဲ့ ခရီးသွားတွေကို မြို့ထဲ ပိတ်လှောင်ထားကာ ဓားစာခံ လူသားဒိုင်ကာ အဖြစ် အသုံးချနေပြီး မော်လူးမြို့ထဲက ထွက်ရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက် ထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
နိုဝင်ဘာ ၄ ရက်က ရွှေဘို – မြစ်ကြီးနား ပြည်ထောင်စုလမ်းပေါ်ရှိ မော်လူးမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပြီး ဒေသခံပြည်သူတွေနဲ့ ခရီးသွားတွေကို စစ်အုပ်စုက မြို့ပြင်ထွက်ခွင့်မပေးဘဲ ဓားစာခံ လုသားဒိုင်းကာအဖြစ် အသုံးချနေတာလို့ ဆိုပါတယ်။
မန္တလေးကနေ ထီးချိုင့်ကတဆင့် မြစ်ကြီးနားကို တက်လာတဲ့ စစ်အုပ်စု ကားတန်းတွေ နိုဝင်ဘာ ၄ရက်က အင်းတော်နဲ့ မော်လူးကြား ရောက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ရာကနေ စတင်ပြီး နှစ်ဖက်တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံ တော်လှန်ရေး အင်အားစုဖြစ်တဲ့ Indaw Revolution – IR တာဝန်ရှိသူက MFP ကို ပြောပါတယ်။
“စစ်ယာဥ်တန်းတွေက ဒီ မန္တလေးကနေ မြစ်ကြီးနားကို တက်တဲ့ စစ်ယာဥ်တန်းတွေပေါ့နော။ သူတို့က မန္တလေးကနေ မြစ်ကြီးနားကို သွားမယ်ဆိုရင်ကျတော့ ကျနော်တို့ အင်းတော်မြို့နယ်၊ မော်လူးကို ဖြတ်ရတယ်ပေါ့နော။ မော်လူးမြို့ကို ဖြတ်ရတယ်ဆိုတော့ ဖြစ်တာက အင်းတော်နဲ့ မော်လူးကြား လမ်းပိုင်းမှာ ၄ ရက်နေ့ မနက် ၁၀နာရီနဲ့ နေ့ခင်း ၁နာရီလောက်မှာ ဖြတ်တဲ့ စစ်ယာဥ်တန်းတွေကို တော်လှန်ရေး အဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပေါ့နော”

အဲ့ဒီ တိုက်ပွဲတွေအတွင်း မော်လူးမြို့တွင်း ပိတ်မိနေတဲ့ ခရီးသွားကားတွေနဲ့ နေအိမ်တွေအပေါ် ဒရုန်းဗုံးတွေ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ကားဆရာ တစ်ဦးတို့ သေဆုံးခဲ့တဲ့အပြင် ကားတွေနဲ့ နေအိမ်တွေလည်း ထိခိုက်ပျက်စီး၊ မီးလောင်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၆ ရက်၊ ညနေပိုင်းမှာ မော်လူးမြို့ရှိ စစ်အုပ်စု အုပ်ချုပ်ရေးမှူးက ပြည်သူတွေကို မြို့ပြင် ထွက်ခွာခွင့် မပေးဘဲ မြို့ထဲက ထွက်ခွာဖို့ ကြိုးစားရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက် ပြောဆိုထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အဲ့ဒီ့မှာတော့လေ ဒီဖြစ်တဲ့ တိုက်ပွဲမှာတော့ ခြောက်နှစ်အရွယ် ကလေးတစ်ယောက် သေတယ်၊ ကားဆရာတစ်ယောက် သေတယ်။ နောက် တခြား အိမ်တွေ ထိတာတွေ၊ ဒရုန်းဗုံးကျတာတွေ ရှိတယ်ပေါ့နော။ လက်ရှိအချိန်ထိက သိရတာကလေ မော်လူးမှာက လေယာဥ်ဒဏ်တွေရော၊ ဒရုန်း ဒဏ်တွေရော ဝဲနေပေမဲ့ အရပ်သားတွေကိုတော့ ထွက်ခွင့်မပေးဘူးလို့ ညနေတုန်းက သူတို့ရဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကပေါ့နော အရပ်သားတွေ ထွက်ခွင့်မပေးဘူး။ ထွက်တာနဲ့ ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြီးတော့ ပြောဆိုနေတယ်ဗျ” လို့ Indaw Revolution – IR က တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ မော်လူးမြို့နဲ့ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်နေတာကြောင့် မြစ်ကြီးနားကနေ မန္တလေးကို ဆင်းလာကြတဲ့ ကားတွေက နန့်စီးအောင်၊ ပေကုန်းကျေးရွာတွေဘက်မှာ ရပ်နားထားကြရပြီး မန္တလေးကနေ မြစ်ကြီးနားကို တက်လာတဲ့ ကားတွေက ကသာမြို့ဘက်မှာ ရပ်နားထားကြရပါတယ်။
မော်လူးမြို့နဲ့ အနီးတဝိုက်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲ ဖြစ်ပွားနေတဲ့အပြင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာ၊ မော်လူးမြို့ အနီးပတ်၀န်းကျင်ကို လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်နေတာ၊ ဒရုန်တွေနဲ့ တိုက်ခိုက်တာတွေ အပြင်းအထန် ပြုလုပ် နေတာကြောင့် မော်လူးမြို့အနီး ပိတ်မိနေတဲ့ ခရီးသွား မိဘပြည်သူတွေ၊ ခရီးသည်တင်ကားတွေ၊ ကုန် တင်ကားတွေ အားလုံး နဘားကျေးရွာဘက် အမြန်ဆုံး ချက်ချင်း ရွှေ့ပြောင်း ထွက်ခွာကြဖို့ အင်းတော် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က နိုဝင်ဘာ ၅ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။

တချိန်တည်းမှာပဲ နိုဝင်ဘာ ၃ ရက်မှာ အင်းတော်မြို့နယ်ကနေ ထွက်လာတဲ စစ်အုပ်စု စစ်ကြောင်း တစ်ကြောင်းဟာ အင်းတော်မြို့နယ်ကတဆင့် ကောလင်းမြို့နယ်ထဲရှိ ကျောက်တန်းလမ်းဆုံနဲ့ မုတ်ဝ ကျေးရွာတွေဘက် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေသလို စစ်ကြောင်းထိုးရာ လမ်းတလျှောက်ဖြစ်တဲ့ အင်းတော်နဲ့ ကောလင်းမြို့နယ် ကျေးရွာတွေကို Y-12 လေယာဉ်၊ ဂျက်ဖိုက်တာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဥ်နဲ့အမျှ ကျူးလွန်နေလို့ ထောင်ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေကြရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းကနေစပြီး အင်းတော်၊ မဲဇာ၊ ထီးချိုင့်၊ ဝန်းသို စတဲ့ နယ်တွေထဲ စစ်အုပ်စုက စစ်ကြောင်းထိုးဖို့ ကြိုးစားနေပြီး ဒေသခံပြည်သူတွေကို ပစ်မှတ်ထားကာ မြို့၊ရွာတွေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံဆေးခန်းတွေကို ဗုံးပတ်ကြဲနေတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၅ရက်မှာ အင်းတော်ကနေ မဲဇာဘက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု ရာနဲ့ချီ သုတ်သင်နိုင်ခဲ့သလို လက်နက်ချတဲ့ ရာချီတဲ့ စစ်အုပ်စုကိုလည်း ဖမ်းမိထားတယ်လို့ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ စစ်ရှုးပြီး လက်လွှတ်ထားရတဲ့ မန္တလေး – ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းနဲ့ အဲ့ဒီ ကားလမ်းပေါ်ရှိ စစ်ကိုင်းနဲ့ ကချင်အစပ်က အင်းတော်၊ ကသာ၊ ထီးချိုင့်၊ ကောလင်းနဲ့ ဝန်းသို မြို့နယ်တို့ကို ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ရေး ကြိုးစားနေတာ ဖြစ်ပြီး ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေကို အသေခံ စစ်တိုက်ခိုင်းသလို လေကြောင်းအားပြုကာ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

မော်လူးမြို့အနီး ဟင်းနုရွာထဲ ဒရုန်းတွေ ကျရောက် ပေါက်ကွဲလို့ မီးလောင်တဲ့ ကားနဲ့ နေအိမ်တွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #အင်းတော် #မော်လူးမြို့



