ပုလဲနဲ့ ဆားလင်းကြီးအစပ် ရွာတွေကို စစ်အုပ်စု စီးနင်းလုယက်၊ ဓားပြတိုက်ကာ မီးရှို့ဖျက်ဆီး၊

ကျိုင်းခမောက်ရွာ အိမ်ခြေအများအပြား မီးလောင်ပြာကျ၊
ဒေါ်လာ/MFP၊ နိုဝင်ဘာ – ၇
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ မြို့အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းလုယက်၊ ဓားပြတိုက်ပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးလို့ ကျိုင်းခမောက် ရွာက အိမ်ခြေအများအပြား မီးလောင်ပြာကျ ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၆ရက် မနက်ပိုင်း ပုလဲမြို့ထဲက ထွက်လာတဲ့ စစ်အုပ်စုဟာ မြို့ရဲ့အရှေ့ဘက်ပိုင်းရှိ ချောင်းရိုး၊ ချောင်းကန်နဲ့ ကျိုင်းခမောက် စတဲ့ ကျေးရွာတွေကို စီးနင်းလုယက်၊ ဓားပြတိုက်ကာ တန်ဘိုးရှိ ပစ္စည်းတွေ ဖောက်ထွင်းခိုးယူ သယ်ထုတ်ပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာလို့ ဆိုပါတယ်။
ပုလဲနယ်အစပ်၊ ဆားလင်းကြီးနယ်ရှိ ကျိုင်းခမောက်ရွာကို စစ်အုပ်စုက စီးနင်းကာ တန်ဘိုးရှိပစ္စည်းတွေ ဖောက်ထွင်း ခိုးယူပြီးနောက် နိုဝင်ဘာ ၆ရက် မွန်းတည့် ၁၂နာရီကျော်က စလို့ နှစ်ဖွဲ့ခွဲကာ နေအိမ်တွေကို မီးတင်ရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံမြေပြင်ကင်းထောက် အညာမြေပုလဲက ဖော်ပြပါတယ်။
စစ်အုပ်စုဟာ ကျိုင်းခမောက်ရွာကို မီးတင်ရှို့ပြီးနောက် မွန်းလွဲ ၂နာရီကျော်အချိန် ခိုးရာပါ ပစ္စည်းတွေနဲ့ အတူ ရွာထဲက ပြန်ထွက်သွားလို့ ဒေသခံတချို့ ရွာထဲဝင်ကြည့်ရာ အိမ်ခြေ အများအပြား ပြာကျတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ပုလဲမြို့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပေမယ့် စစ်အုပ်စု အမြစ်ပြတ်သည်အထိ မသုတ်သင်နိုင်ခဲ့ဘဲ စစ်အုပ်စုက လေကြောင်းကနေ အင်အားဖြည့်၊ လေကြောင်းပစ်ကူ သုံးကာ ပုလဲမြို့ထဲ ဆက်လက် ခိုအောင်းနေတာ ဖြစ်ပါတယ်။
ပုလဲမြို့ထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ ယခင်လတွေက ရိက္ခာပြတ်ကာ ငတ်လာမှ မြို့အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းလုယက် ဓားပြတိုက်လေ့ရှိပေမယ့် ယခုလတွေအတွင်း ပေါ်တာဆွဲ စစ်သားသစ်တွေနဲ့ အင်အားဖြည့်ပြီးနောက် နေ့စဉ် ဓားပြတိုက်ထွက်နေသလို ဒေသတွင်း နယ်မြေ ပြန်လည် စိုးမိုးနိုင်ရေးအတွက်လည်း ကြိုးစားနေတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် ငါးနှစ်ကျော်အတွင်း စစ်ကိုင်းတိုင်းက အိမ်ခြေ ၇၀,၀၀၀ ကျော် အပါအဝင် နိုင်ငံတဝန်း အရပ်သားပြည်သူပိုင် နေအိမ် ၁၀၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ စစ်အုပ်စု ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်တွေကို မှတ်တမ်းပြုစု ဖော်ပြနေတဲ့ သုတေသန အဖွဲ့အစည်းတွေနဲ့ Data For Myanmar တို့က ထုတ်ပြန်ထားပါတယ်။


ပုလဲနဲ့ ဆားလင်းကြီးနယ်အစပ်၊ ကျိုင်းခမောက်ကျေးရွာကို စစ်အုပ်စု စီးနင်းလုယက် ဓားပြတိုက်ကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့စဉ်/Photo – အညာမြေ ပုလဲ
MFP ရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ပုလဲ #ဆားလင်းကြီးနယ်ကျိုင်းခမောက်ရွာ



