ပုလဲနဲ့ ဆားလင်းကြီးမှာ ရွာမီးရှို့တဲ့ စစ်အုပ်စုက ရွာတွေ မီးထပ်ရှို့မယ် ခြိမ်းခြောက်လို့ ဒေသခံတွေ ထွက်ပြေးနေရ၊

ကျိုင်းခမောက်ရွာက မီးဘေးသင့်ပြည်သူတွေ အရေးပေါ် အကူအညီ လို၊
MN/MFP ၊ နိုဝင်ဘာ – ၈
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ကျိုင်းခမောက်ရွာကို စီးနင်းလုယက် မီးရှို့တဲ့ အာဏာသိမ်း စစ်အုပ်စုက နောက်ထပ်လာပြီး မီးရှို့ဦးမယ်လို့ ခြိမ်းခြောက်ထားလို့ ကျိုင်းခမောက်ရွာ အပါအဝင် ကျေးရွာ ၁၀ရွာကျော်က ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ပုလဲမြို့ထဲ ခိုအောင်းနေရာကနေ အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းလုယက် ဓားပြတိုက်နေတဲ့ အင်အား ၁၀၀ ကျော်ပါ အာဏာသိမ်း စစ်အုပ်စုဟာ နိုဝင်ဘာ ၆ ရက်က ပုလဲမြို့ရဲ့ အရှေ့ဘက်ခြမ်း၊ ဆားလင်းကြီးနယ် အနောက်ခြမ်းက ကျိုင်းခမောက်ရွာကို ဒရုန်းနဲ့ ဗုံးကြဲကာ ကျေးရွာအတွင်း ဝင်ရောက် စီးနင်း ဖောက်ထွင်းခိုးယူပြီးနောက် ရွာကို မီးရှို့ဖျက်ဆီးတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ကျိုင်းခမောက်ရွာတွင်းက ပြည်သူပိုင် တန်ဘိုးရှိပစ္စည်းတွေကို ခိုးယူသယ်ထုတ်ပြီးနောက် နေအိမ်တွေကို မီးရှို့လို့ အိမ်ခြေ ၂၀ ကျော် မီးလောင်ပြာကျကာ မီးဘေးသင့်ပြည်သူတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ကျိုင်းခမောက်ရွာခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
“အရင်တခါ စစ်ကြောင်းတုန်းကတော့ အိမ်တွေ မီးမရှို့ဘူး။ တန်ဖိုးကြီး ရွှေတိုငွေစတွေတော့ ယူသွား တာပေါ့။ အခုတခါကတော့ အိမ်ကြီအိမ်ကောင်းတွေကို ရွေးပြီးတော့ ရှို့သွားတာ။ တန်ဖိုးကြီး ပစ္စည်းတွေလည်း မီးလောင်တဲ့အထဲ ပါကုန်တာပေါ့။ နွားစာတိုက်တွေတို့ စပါးတိုက်တွေရောပေါ့။ စစ်ကြောင်းလာတဲ့ အချိန်မှာ ဘာပစ္စည်းမှ ယူချိန် မရလိုက်ကြတော့ ပျက်စီးဆုံးရှုံးမှုကတော့ များတာပေါ့။ အခု ရွာတွေကို ပတ်ပြီးတော့ ခိုးဆိုးလုနှိုက်လုပ်နေတဲ့ ပုလဲနယ်က စစ်ကြောင်းကနေ မီးရှို့ တာကလည်း ကျွန်တောတို့ရွာ ပထမဆုံး အရှို့ခံလိုက်ရတာ။ မီးဘေးသင့်ပြည်သူတွေ ပြန်လည် ထူထောင်ရေး အတွက်ကတော့ အများကြီး လိုတာပေါ့။ အိမ်တစ်အိမ် ဖြစ်လာဖို့ဆိုတာ ကျွန်တော်တို့ တောသူတောင်သားတွေ အတွက် လွယ်တာမှ မဟုတ်တာ။ ပြန်လည်ထူထောင်ရေး အတွက်ကတော့ သစ်တို့၊ ဝါးတို့၊ အမိုးအကာတို့ပေါ။ အခုလောလောဆယ်ကတော့ ရွာထဲကို ပြန်နေလို့မရသေးတော့ တောထဲမှာ နေဖို့ အမိုးအကာတွေ လိုတာပေါ့။ မီးဘေးသင့်ပြည်သူတွေနဲ့ စစ်ရှောင်တွေအတွက် ကူညီ နိုင်သလောက် ဝိုင်းဝန်း ကူညီပေးကြဖို့ ပြောချင်ပါတယ်”

ကျိုင်းခမောက်ရွာဟာ အိမ်ခြေ ၃၀၀ နီးပါးရှိပြီး စစ်အုပ်စုက ရွာကို စီးနင်းကာ မွန်းတည့် ၁၂နာရီကနေ ၂နာရီကျော်အထိ ရွာအတွင်း နေရာခွဲ မီးရှို့တာကြောင့် အိမ်ခြေ ၂၃ လုံး ပြာကျတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုက ကျေးရွာထဲက မီးမလောင်သေးတဲ့ နေအိမ်တွေကို ထပ်မံ လာရောက် မီးရှို့ဦးမယ် လို့ ခြိမ်းခြောက်ပြောဆိုတာကြောင့် မီးဘေးသင့်ပြည်သူတွေ အပါအဝင် အနီးဝန်းကျင် ကျေးရွာ ၁၀ ရွာ ကျော်က ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားသောက်နေထိုင်ရေးအတွက် အကူအညီ လိုအပ်နေတယ်လို့ ကျိုင်းခမောက်ရွာခံက ပြောပါတယ်။
“အခု ဒေသခံတွေက ပစ္စည်းတွေယူပြီးတော့ တောတွေထဲမှာ သွားရှောင်နေကြရတာ။ ကျွန်တော်တို့ သတင်း ကြားထားရတာက (စစ်အုပ်စုက) ရွာကို ပြန်လာမယ်၊ ပြန်လာပြီး ထပ်မွှေမယ်။ မွှေလို့ အားရရင် ကျန်တဲ့ အိမ်တွေကို မီးရှို့မယ်ဆိုပြီးတော့ ကြားနေရတယ်။ အဲဒီတော့ ရွာထဲက ပြည်သူတွေက ပစ္စည်းလေးတွေ ထုတ်ယူနေကြရတာ။ ပစ္စည်းလေးတွေ ထုတ်လိုက် သွားရှောင်လိုက်ရနဲ့။ ဒီကနေ့ဆိုရင် နှစ်ရက် ရှိသွားပြီ”

စစ်အုပ်စု ရန်ကြောင့် ပုလဲနဲ့ ဆားလင်းကြီးမြို့နယ်အစပ်ရှိ ကျိုင်းခမောက်၊ ချောင်းရိုး၊ သနပ်မြောင်၊ ဖလန်ကန်၊ တဲကြီး၊ ရွာသမင်း၊ အောင်ပန်း၊ သဲတော စတဲ့ ကျေးရွာ ၁၀ ကျော်က လူဦးရေ ၅၀၀၀ ကျော် စစ်ဘေးတိမ်းရှောင် နေကြရပြီး စားသောက်နေထိုင်ရေး အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပုလဲမြို့ပေါ် ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ စစ်ကားတွေ အပါအဝင် ပြည်သူတွေဆီက ခိုးယူ လုယက်ထားတဲ့ ကား၊ဆိုင်ကယ်တွေနဲ့ ဒေသတွင်း ရွာစဉ်ပတ်မွှေကာ နေအိမ်တွေ ဖောက်ထွင်းပြီးနောက် တန်ဘိုးရှိပစ္စည်းမှန်သမျှ ခိုးယူကာ ပုလဲမြို့ထဲ သယ်ယူနေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်း ပုလဲမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ပေမယ့် စစ်အုပ်စု အမြစ်ပြတ်အောင် မသုတ်သင်နိုင်ခဲ့တာကြောင့် လက်ရှိမှာ စစ်အုပ်စုက အင်အားဖြည့်ကာ ဒေသတွင်း လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ပုလဲမြို့ထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ ယခင်က ရိက္ခာပြတ်ကာ ငတ်လာမှ ကျေးရွာတွေကို စီးနင်းလုယက် ဓားပြတိုက်လေ့ရှိပေမယ့် ယခုလတွေအတွင်း နေ့စဉ် ဓားပြတိုက်ထွက်နေသလို ဒေသတွင်း နယ်မြေ ပြန်လည် စိုးမိုးနိုင်ရေးပါ ကြိုးစားနေတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် ငါးနှစ်ကျော်အတွင်း စစ်ကိုင်းတိုင်းက အိမ်ခြေ ၇၀,၀၀၀ ကျော် အပါအဝင် နိုင်ငံတဝန်း အရပ်သားပြည်သူပိုင် နေအိမ် ၁၀၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။


ပုလဲနဲ့ ဆားလင်းကြီးနယ်အစပ်၊ ကျိုင်းခမောက်ကျေးရွာကို စစ်အုပ်စု စီးနင်းလုယက် ဓားပြတိုက်ကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့စဉ်/Photo – အညာမြေ ပုလဲ
MFP ရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ပုလဲ #ဆားလင်းကြီးနယ်ကျိုင်းခမောက်ရွာ



