စစ်ကိုင်းမန္တလေးသတင်းအညာမြေ တော်လှန်ရေး

ထီးချိုင့်နဲ့ တကောင်းကြားရှိ စစ်စခန်းနဲ့ ဂိတ်တွေကို စီးနင်းတိုက်ခိုက်တဲ့ စစ်ဆင်ရေး တပ်ကြပ်ကြီး အဆင့် အပါအဝင် စစ်အုပ်စု ကိုးယောက် သေဟုဆို၊

ထင်လင်း/MFP၊ နိုဝင်ဘာ -၈

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့အကြား၊ မန္တလေး – ထီးချိုင့် – ဗန်းမော် ကားလမ်းပေါ်ရှိ စစ်အုပ်စု အထိုင်စခန်းတချို့ကို အောက်တိုဘာလ အတွင်းက စီးနင်း တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးအဆင့် အပါအဝင် စစ်အုပ်စု ကိုးယောက် သေကာ ဒဏ်ရာရသူတွေလည်း ဆယ်ချီ ရှိတယ်လို့ ပြည်သူ့ ကာကွယ်ရေး တပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ) MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၄ရက်က ထီးချိုင့်မြို့နယ်၊ ဆတ်ကျကျေးရွာအုပ်စု၊ တုံလုံကျေးရွာရှိ စစ်အုပ်စု စခန်းတစ်ခုကို PDF အထူးလှုပ်ရှားတပ်မ အမှတ် ၆၆၂ နည်းဗျူဟာနဲ့ ကသာခရိုင် တပ်ရင်း ၃ တို့ ပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ရာ တပ်ကြပ်ကြီးအဆင့် တစ်ယောက် အပါအဝင် စစ်အုပ်စု ကိုးယောက် သေကာ ၁၀ ယောက် ဒဏ်ရာရပြီး တော်လှန်ရေး ရဲဘော် နှစ်ဦး ကျဆုံးတယ်လို့ ဆိုပါတယ်။


အောက်တိုဘာ ၂၃ရက်နဲ့ ၂၄ရက်မှာလည်း တကောင်းမြို့အနီး၊ တရုတ်ပိုင် နီကယ်တောင်ရှိ စစ်အုပ်စု စခန်းနဲ့ ၆မိုင်ဂိတ် စခန်းတွေကို PDF အထူးလှုပ်ရှားတပ်မ၊ အမှတ် ၆၆၂ နည်းဗျူဟာ၊ မန္တလေးတိုင်း စစ်ဌာန အမှတ် ၃ အထူးတပ်ရင်းနဲ့ အမှတ် ၉၇၁၀ တပ်ဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ကာ နယ်မြေ ရှင်းလင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ PDF အထူးလှုပ်ရှားတပ်မက ဖော်ပြပါတယ်။

အောက်တိုဘာ ၂၄ရက်က တကောင်းမြို့နဲ့ နှစ်မိုင်ခန့်အကွာ လမ်းဆုံ တဝိုက်ကနေ မြောက်ဘက် အင်းနက် အုပ်စု၊ တောင်တလုံးကျေးရွာ တဝိုက်အထိ တိုက်ပွဲတွေ ဖြစ်ပွါးတာ ဖြစ်ပြီး စစ်အုပ်စုက ကားလမ်းပိတ်ကာ ခရီးသွားတွေကို ရန်ပြုရမ်းကားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ အဆိုပါလမ်းကြောပေါ်မှာ ဂိတ်တွေချပြီး ဒေသခံပြည်သူ၊ ခရီးသွားနဲ့ ကုန်တင်ကားတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာ၊ ဓားပြတိုက် လုယက်တာတွေ တောက်လျှောက် ကျူးလွန်နေ တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ကို ၂၀၂၃ နှစ်ကုန်ပိုင်းမှာ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက သိမ်းပိုင်နိုင်ခဲ့ပေမယ့် ၂၀၂၅ နှစ်ဆန်းပိုင်းမှာတော့ စစ်အုပ်စုက ပြန်လည် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာ စစ်အုပ်စု ပြန်သိမ်းထားတဲ့ မန္တလေးတိုင်းမြောက်ပိုင်းရှိ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း နယ်တွေမှာ တော်လှန်ရေးတပ်တွေရဲ့ ပြောက်ကြားတိုက်ပွဲတချို့ ပြန်လည် စတင်နေတာ လည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုကလည်း မန္တလေး – ထီးချိုင့် – ဗန်းမော် ဗျူဟာလမ်းကို အပြည့်အဝ စိုးမိုး ထိန်းချုပ်နိုင်ရေးနဲ့ လမ်းပေါ် ဂိတ်ဖွင့်နိုင်ရေး လေကြောင်းအားကိုးနဲ့ စစ်ကြောင်းတွေ ထိုးနေပါတယ်။

ထီးချိုင့်နဲ့ တကောင်းမြို့ကြားရှိ စစ်အုပ်စု စခန်းနဲ့ ဂိတ်တွေကို တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့စဉ်/Photo – PDF အထူးလှုပ်ရှားတပ်မ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #တကောင်းမြို့ #သပိတ်ကျင်း ​ #​ထီးချိုင့်

Related Articles

Back to top button