စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

အင်းတော် ၁၀ရက်တာ တိုက်ပွဲ သိမ်းဆည်းရမိတဲ့ လက်နက်တွေ PDF အထူးလှုပ်ရှားတပ်မ ထုတ်ပြန်၊

အင်းတော် မဲဇာနယ် တိုက်ပွဲ အထိနာတဲ့ စစ်အုပ်စုက ဗုံးကြဲ၊ မီးရှို့၊ ပြည်သူတွေကို သတ်ဖြတ်၊

ခါးခါး၊ ဒေါ်လာ/MFP၊ နိုဝင်ဘာ – ၈

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ အင်အား ၅၀၀ ခန့်ပါ အာဏာသိမ်း စစ်အုပ်စု စစ်ကြောင်းကို အောက်တိုဘာ ၈ရက်ကနေ ၁၇ရက်အတွင်း တိုက်ခိုက်ရာ စစ်အုပ်စု ၇၀ ကျော် သေပြီး သုံ့ပန်း သုံးယောက် ဖမ်းမိသလို လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရမိတယ်လို့ ပြည်သူ့ ကာကွယ်ရေး တပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ) MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။

အင်းတော်မြို့နယ်အတွင်း ဝင်ရောက်လာတဲ့ တပ်မ ၃၃ ခေါ် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ အင်အား ၅၀၀ ဝန်းကျင်ပါ စစ်အုပ်စုကို  PDF အထူးလှုပ်ရှားတပ်မ အမှတ် ၉၉ နည်းဗျူဟာနဲ့ မဟာမိတ် တပ်ပေါင်းစုတွေက အောက်တိုဘာ ၈ရက်ကနေ ၁၇ရက်အထိ ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်ခဲ့တာလို့  ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း အဓမ္မစုဆောင်းခံရတဲ့ ပြည်သူ့စစ်ရဲဘော်တွေ အပါအဝင် စစ်အုပ်စု ၇၀ ကျော် သေကာ ၁၅ဦးခန့် ဒဏ်ရာရပြီး စစ်သုံ့ပန်း သုံးယောက် ဖမ်းဆီးရမိသလို RPG တစ်လက် အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ PDF အထူးလှုပ်ရှားတပ်မက ဆိုပါတယ်။

အင်းတော်နယ် တိုက်ပွဲတွေအတွင်း အထိနာတဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ၅၂ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၅၈ကြိမ်နဲ့ ဒရုန်းတိုက်ခိုက်မှု ၆၉ကြိမ်အထိ တိုက်ခိုက်တာကြောင့် တော်လှန်ရေးရဲဘော် ခြောက်ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရသူတချို့ ရှိခဲ့တယ်လို့ PDF အထူးလှုပ်ရှားတပ်မ က ဖော်ပြပါတယ်။

အောက်တိုဘာ ၂၆ရက်က အင်းတော်နဲ့ ထီးချိုင့်မြို့ကြား၊ အင်းတော်နယ်၊ မဲဇာရွာရဲ့ အောက်ဘက်၊ လယ်ပြင်နဲ့ ပိန်းအင်းရွာတွေဘက်ရှိ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ စစ်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားရာအနီးရှိ ပိန်းအင်း၊ လယ်ပြင်နဲ့ ကျောင်းကုန်းရွာတွေ အပါအဝင် အင်းတော်နယ်ကို အဆက်မပြတ် ဗုံးပတ်ကြဲလို့ နေအိမ်တွေ မီးလောင်ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ဓားစာခံ လူသားဒိုင်းအသုံးချတာ၊ ကျေးရွာတွေ စီးနင်းလုယက် မီးရှို့ဖျက်ဆီးတာတွေလည်း ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

အင်းတော်နယ် တိုက်ပွဲတွေအတွင်း စစ်အုပ်စုက ဗုံးပတ်ကြဲတာနဲ့ ပြည်သူကို ရန်ပြုတာကြောင့် ထီးချိုင့် – အင်းတော် ကားလမ်း တလျှောက် အပါအဝင် အင်းတော်၊ ဝန်းသိုနဲ့ ထီးချိုင့်မြို့တွေကြားရှိ မဲဇာ၊ လယ်နောင်၊ နန့်သဲ၊ အလယ်ဆိပ်၊ ပင်သချေ၊ နောင်မိုး၊ သံဘို၊ စက်တောကုန်း၊ ပါအော့၊ တပ်လွင်၊ ကျောက်တော်၊ ထန်းတစ်ပင်၊ နမ်းခမ်း၊ ဂျိုးတောင်၊ ဆင်ကုန်း၊ ညောင်ကိုင်း၊ သက္ကာယ်ကျင်း၊ ပိန်းအင်း၊ စက်တောကုန်း၊ သစ်ပုံလွင်၊ ကြိမ်ချောင်း၊ စတဲ့ ကျေးရွာတွေက ဒေသခံ ထောင်သောင်းချီ ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပေါ်တာဆွဲ စစ်သားသစ်တွေကို မန္တလေးကတဆင့် ထီးချိုင့်နဲ့ အင်းတော်ဘက် ပို့လွှတ်ပြီးနောက် အောက်တိုဘာ ၆ရက်က စလို့ အင်းတော်မြို့ကနေ မဲဇာကျေးရွာ၊ မဲဇာကတဆင့် ဝန်းသိုနဲ့ ထီးချိုင့်မြို့တွေဘက် စစ်ကြောင်းထိုးတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက အင်းတော်နယ်ထဲ ဆက်လက် စစ်ကြောင်းထိုးနေသလို ကောလင်းနယ်ထဲကိုလည်း စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုဟာ ကချင်-စစ်ကိုင်းအစပ် ထီးချိုင့်-ကသာ-အင်းတော်-ဝန်းသို မြို့တွေနဲ့ မန္တလေး – ရွှေဘို – မြစ်ကြီးနားလမ်းကို စိုးမိုးထိန်းချုပ်နိုင်ရေး ကြိုးစားနေတာ ဖြစ်ပါတယ်။

စစ်အုပ်စု အနေနဲ့ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းကို ထိန်းချုပ်ကာ လမ်းပေါ် ဂိတ်ဖွင့်ငွေညှစ်နိုင်ဖို့၊ တော်လှန်ရေး အင်အားစုတွေရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ဖို့၊ ကချင်ပြည်ဘက် စစ်အုပ်စုရဲ့ ထောက်ပို့လမ်းကြောင်း ပြန်ဖွင့်နိုင်ဖို့ ကြိုးစားတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ​MFP ကို ပြောပါတယ်။

“ဒီလမ်းက ရှမ်းမြောက်နဲ့ ကချင်လမ်းကြောင်း ဖြတ်ချင်လို့လည်း ဖြစ်နိုင်တယ်။ ကချင်ဘက်ကို သူတို့ လက်နက်၊ ရိက္ခာ ကုန်းကြောင်းကနေ ပို့နိုင်ဖို့လည်း ဖြစ်နိုင်တယ်”

စစ်အုပ်စုဟာ တရုတ်အားကိုးနဲ့ ရှမ်းမြောက်ဒေသ စစ်ပွဲတွေ ရပ်နိုင်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှုံး မြို့၊ရွာတွေနဲ့ ကုန်သွယ်ရေးလမ်းတွေကို ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်း အပါအဝင် မန္တလေး – မုံရွာ-ရွှေဘိုလမ်း၊ မုံရွာ – ယာကြီး – ကလေးဝ – ကလေး – တမူး လမ်းတွေကိုလည်း အင်အားသုံးကာ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

အင်းတော်နယ် ၁၀ရက်တာ တိုက်ပွဲက သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းတွေ/Photo – PDF အထူးလှုပ်ရှားတပ်မ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #အင်းတော် ​ #​ဝန်းသိုမဲဇာ

Related Articles

Back to top button