မကွေးသတင်းအညာမြေ တော်လှန်ရေး

မကွေး – ရခိုင် – ချင်း ကုန်သွယ်ရေးလမ်းဆုံ ယောနယ် ရွှေအောင်သာရွာမှာ စစ်အုပ်စု အထိုင်ချ၊

ယောတောင်ပိုင်းတစ်ခုလုံး စစ်အုပ်စု လွှမ်းမိုးထိန်းချုပ်မှုအောက် ရောက်၊

လှိုင်း / MFP၊ နိုဝင်ဘာ – ၈

ရခိုင်ပြည်ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့ ချင်းပြည်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်ရှိ ထီးလင်းမြို့နယ်၊ ရွှေအောင်သာကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက စီးနင်းကာ အထိုင်ချ တပ်စွဲ လိုက်ပြီး ယောဒေသတောင်ပိုင်း တစ်ခုလုံးလည်း စစ်အုပ်စု လွှမ်းမိုးထိန်းချုပ်မှုအောက် ကျရောက် သွားတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

နိုဝင်ဘာ ၅ ရက်က ပေါက်မြို့နယ်ရှိ စစ်အုပ်စုရဲ့ လက်နက်စက်ရုံ ကပစ ၂၄ ကနေ ထွက်လာတဲ့ ဒရုန်း တင်ကား၊ ဂျန်ဘာတင်ကားတွေ အပါအဝင် စစ်ကား ၁၀ဝန်းကျင်နဲ့ အင်အား ၅၀၀ ဝန်းကျင်ပါတဲ့ စစ်အုပ်စုဟာ ဆောမြို့နယ် ကျောက်ထု အမြောက်တပ်ရင်း (အမတ – ၃၆၈) ကတဆင့် ဆောနယ် ကြီးကျေးရွာကို စစ်ကြောင်းထိုးပြီးနောက် နိုဝင်ဘာ ၇ရက် မနေ့က ည ၇ နာရီဝန်းကျင်မှာ အင်အား ၁၀၀ ဝန်းကျင်နဲ့ ရွှေအောင်သာကျေးရွာကို စီးနင်းဝင်ရောက် တပ်စွဲတာလို့ ဆိုပါတယ်။

ရွှေအောင်သာကျေးရွာဟာ ကျောက်ထု – ထီးလင်း လမ်းပေါ်မှာ တည်ရှိပြီး ချင်း – မကွေး – ရခိုင် ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့ လမ်းဆုံလမ်းခွနေရာ ဖြစ်ပါတယ်။

“ဝင်တာက မနေ့ညကပါ။ ဒီနေ့မနက်တော့ စစ်တပ်က ရွှေအောင်သာကို ရောက်ပြီ၊ တပ်ထိုင်နေပြီ ပြောတယ်။ ဒေသခံတွေလည်း ထီးလင်းနဲ့ ကျောက်ထု ဖြတ်သွား ဖြတ်လာ လုပ်လို့ မရတော့ဘူး။ ဒီနေ့ အခု နေ့လယ်ထိတော့ ​ထိတွေ့ဖြစ်တာ မကြားသေးပါဘူး။ ရွှေအောင်သာကို ထိန်းချုပ်လိုက်ရင်က ချင်း – ရခိုင် ကုန်သွယ်ရေးက ထိခိုက်မှာ။ လမ်းကြော ရှာရရင်တောင် စျေးတွေ တက်တာ ဖြစ်တော့မှာ” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

ကျောက်ထုမြို့ကတဆင့် ကြီးကျေးရွာကနေ ရွှေအောင်သာရွာဘက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ကြီးကျေးရွာက စစ်ရှောင်နေကြတဲ့ အမျိုးသားလေးဦးကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး ညနေပိုင်းမှာ သုံးဦးကို ပြန်လွှတ်ပေးပေမယ့် တစ်ဦးကိုတော့ ဒီနေ့ ညနေထိ ပြန်မလွှတ်သေးဘူးလို့ ဒေသတွင်း သတင်းတွေ ဖော်ပြနေတဲ့ ယောအလင်းတန်းက ဆိုပါတယ်။

ရွှေအောင်သာရွာထဲ စစ်အုပ်စု ဝင်ရောက်လာတာကြောင့် ထီးလင်း – ရွှေအောင်သာ လမ်းပိုင်းကို ယာယီ အသုံးအပြုကြဖို့ တော်လှန်ရေး တပ်တွေက သတိပေး ထုတ်ပြန်ထားပါတယ်။

ထီးလင်း – ကျောက်ထု လမ်းပိုင်း ပိတ်သွားလို့ မကွေးတိုင်းကတဆင့် ရခိုင်နဲ့ ချင်းပြည်ဘက် ကုန်ပစ္စည်း တင်ပို့မယ့် ကုန်ကား အစီးရေ ၂၀ ဝန်းကျင် ထီးလင်းနယ်ထဲ ပိတ်မိနေတယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ချင်းပြည် တောင်ပိုင်းရှိ မင်းတပ်နဲ့ ကန်ပက်လက်မြို့ အပါအဝင် ချင်းနဲ့ မကွေးဒေသရှိ စစ်ရှုံးထားတဲ့ မြို့၊ရွာတွေ ပြန်ရရေးအတွက် မေလက စတင်ကာ အင်အားထောင်ချီသုံး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ချင်းနဲ့ မကွေးအစပ် ဒေသတွေကို စစ်ကြောင်းထိုးဖို့ မန္တလေးနဲ့ မိတ္ထီလာမြို့ကနေတဆင့် ပေါ်တာဆွဲ စုဆောင်းထားတဲ့ ထောင်ချီတဲ့ စစ်သားသစ်တွေကို ယောဒေသထဲ ပို့လွှတ်ကာ လေကြောင်းပစ်ကူသုံးပြီး ထိုးစစ်ဆင်နေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ယောဒေသကနေ ချင်းပြည်ဘက် အဖွဲ့တွေခွဲကာ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်ရာ အများအပြား သုတ်သင်နိုင်သလို သုံ့ပန်း ဖမ်းမိတာတွေလည်း ရှိပေမဲ့ စစ်အုပ်စုက ပေါ်တာဆွဲ စစ်သားသစ်တွေကို ထပ်မံ အင်အားဖြည့်ကာ အသေခံ စစ်တိုက်ခိုင်းပြီး ဆက်လက် စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

လက်ရှိမှာ ဆောနယ်၊ လောင်းရှည်ဒေသထဲ စစ်အုပ်စုက ဝင်ရောက် တပ်စွဲပြီး စစ်ရှောင်ပြည်သူတွေကို ကျေးရွာတွေအတွင်း ပြန်လည်နေထိုင်ကြဖို့ စည်းရုံးနေသလို လောင်းရှည်မြို့ပေါ်မှာလည်း အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ပခုက္ကူ – မင်းတပ်လမ်းပိုင်းပေါ်ရှိ ဆောနယ်၊ တပြင်းကျေးရွာကိုလည်း စစ်အုပ်စုက မေလ ကတည်းက စီးနင်းထားပြီး ကျောက်ထု – တပြင်း လမ်းပိုင်းကိုလည်း ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

“ဆောနဲ့ လောင်းရှည်နားမှာက တိုက်ပွဲတွေကတော့ ရှိတယ်။ အခု ယောတောင်ပိုင်းက စစ်တပ် လွှမ်းမိုး သလို ဖြစ်သွားပြီ။ တပြင်းလမ်းဆိုလည်း ကျောက်ထုကို (စစ်အုပ်စုက) တစ်ရက်နဲ့ ရောက်တယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ ချင်း -မကွေးအစပ်ရှိ စစ်ရှုံးမြို၊ရွာတွေ ပြန်ရရေး စစ်ကြောင်းထိုးရာမှာ ဒေသခံ ပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ဓားစာခံ လူသားဒိုင်းအသုံးချတာတွေ ကျူးလွန်သလို မြို့၊ရွာတွေကိုလည်း နေ့စဉ်နီးပါး ဗုံးကြဲနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ဆောမြို့နယ် ကျေးရွာတွေဖြစ်တဲ့ တပြင်းကျေးရွာကို စီးနင်းချိန် ဘုန်းတော်ကြီး အပါအဝင် ရွာခံ အရပ်သား ခြောက်ဦးကို သတ်ဖြတ်ခဲ့သလို ဇူလိုင်လထဲမှာလည်း ကြီးကျေးရွာကို စီးနင်းချိန် ရွာခံ အရပ်သား လေးဦး ကို သတ်ဖြတ်ခဲ့ပါတယ်။

MFP ရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#မကွေး #အညာ #ချင်း #ရခိုင်

Related Articles

Back to top button