ရေနံမှော်တွေမှာ ဖွင့်ထားတဲ့ KTV ခန်းတွေ အပြီးပိတ်သိမ်းဖို့ ပခုက္ကူခရိုင်စစ်ဌာန ထုတ်ပြန်၊

KTV ခန်းတွေမှာ တော်လှန်ရေးသမား တချို့ပါ ပျော်ပါးနေကြပြီး မူးယစ်ဆေး ရောင်းဝယ်၊ သုံးစွဲတာတွေ လည်း ရှိနေဟုဆို၊
အီသာရမ်/MFP၊ နိုဝင်ဘာ-၁၁
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်တွေမှာ ဖွင့်လှစ်ထားတဲ့ KTV ခန်းတွေမှာ မူးယစ်ဆေးဝါး ရောင်းချတာ၊သုံးစွဲတာတွေ ရှိနေတာကြောင့် ပိတ်သိမ်းဖို့နဲ့ အပြီးတိုင် မပိတ်သိမ်းပါက ထိရောက်စွာ အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေး ဝန်ကြီးဌာန – MOD၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ပခုက္ကူခရိုင်စစ်ဌာနက ထုတ်ပြန်ပါတယ်။
ပေါက်နဲ့မြိုင်မြို့နယ်ရှိ ရေနံမှော်နယ်မြေတွေမှာ တော်လှန်ရေးကာလအတွင်း KTV ဆိုင်ခန်းတွေ တွင်တွင်ကျယ်ကျယ် ဖွင့်လှစ်နေကြတာကို တွေ့ရပြီး အရပ်သားပြည်သူ သာမက တော်လှန်ရေးသမား တချို့ပါ မူးယစ်ဆေးဝါးသုံးစွဲကာ ပျော်ပါးမြူးထူးနေတာ၊ KTV ခန်းအတွင်း မူးယစ်ဆေးသုံးစွဲတာ၊ ရောင်းချတာနဲ့ သယ်ဆောင်တာတွေ ပြုလုပ်လာတယ်လို့ ကြားသိရကြောင်း ပခုက္ကူခရိုင်စစ်ဌာနရဲ့ နိုဝင်ဘာ ၁၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒါကြောင့် ပြည်သူ့အကျိုး တော်လှန်ရေးအကျိုးကို မဆောင်တဲ့ KTV ဆိုင်ခန်းတွေကို ဒီနေ့ကစတင်ပြီး အပြီးတိုင် ပိတ်သိမ်းဖို့နဲ့ လိုက်နာဆောင်ရွက်တာ မရှိပါက ထိရောက်စွာ အရေးယူမယ်လို့ ခရိုင်ပကဖ တာဝန်ခံနဲ့ ပခုက္ကူခရိုင်စစ်ဌာန ခရိုင်ကွပ်ကဲရေးမှူး(ယာယီ)တို့က လက်မှတ်ထိုး ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ပေါက်နဲ့မြိုင်မြို့နယ်အစပ်ရှိ ရေနံမှော်တွေကို ဦးတည်ကာ အာဏာသိမ်း စစ်အုပ်စုက စစ်ကြောင်းထိုးနေတာ ငါးလခန့် ကြာမြင့်နေပြီ ဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့ နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်နေပါတယ်။
စစ်အုပ်စုဟာ သူတို့ စီးနင်းနိုင်တဲ့ ကျေးရွာတွေကို လုယက်မီးရှို့ ဖျက်ဆီးသလို သူတို့ ဝင်ရောက်နိုင်တဲ့ ရေနံတွင်းတွေကိုလည်း မီးရှို့၊ မိုင်းခွဲ ဖျက်ဆီးနေပြီး လေကြောင်းကနေလည်း နေ့စဉ် ဗုံးပတ်ကြဲနေလို့ စစ်အုပ်စု စစ်ကြောင်းနဲ့ နီးတဲ့ ဒေသတွေက ရေနံတွင်းတချို့ ပိတ်သိမ်းကာ ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ကာလကလည်း ပခုက္ကူခရိုင်အတွင်းရှိ ရေနံတွင်းတွေက ရရှိတဲ့ အခွန်အခ ခွဲဝေမှုနဲ့ ပတ်သက်ပြီး NUG နဲ့ မကွေးယူနစ်အစိုးရတို့ကြား အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ပခုက္ကူနယ်ရှိ ရေနံတွင်းတွေကို အာဏာသိမ်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ရေနံမှော်ရေနံတွင်း #ပခုက္ကူခရိုင်စစ်ဌာန



