မှူးအိန်ဂျယ်လ်/MFP၊ အောက်တိုဘာ – ၂
မုံရွာ – အရာတော်ကားလမ်း၊ ကျောက္ကာရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်အုပ်စုတွေကြောင့် ပြည်သူ ၃၀၀၀ ခန့်မှာ လက်ရှိအချိန်ထိ စစ်ဘေးရှောင်နေရဆဲဖြစ်ပြီး စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်ဘေးရှောင်ကာလ နှစ်လနီးပါးကြာမြင့်လာတာကြောင့် စစ်အုပ်စုတပ်တွေကြောင့် နေရပ်ပြန်မရသေးတဲ့ စစ်ဘေးရှောင်တွေဟာ ကူညီထောက်ပံ့မဲ့သူ နည်းပါးလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ နဲ့လည်း မိုင်အနည်းငယ်သာကွာဝေးတဲ့ ကျောက္ကာရွာကို စစ်အုပ်စုက ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ကတည်းက စီးနင်းဝင်ရောက်ကာ ဒေသခံတချို့ကို သတ်ဖြတ်ကာ နေအိမ်တွေမီးရှို့ပြီးနောက် ကျေးရွာအတွင်းမှာ အထိုင်ချတပ်စွဲနေတာ ဖြစ်ပါတယ်။
“ စစ်ရှောင်နေရတာ တစ်လကျော်သွားပြီဆိုတော့ အဓိကက အစားအစာလိုအပ်ပါတယ်။ အခု အမြဲရှောင်နေရတာကတော့ ကျောက္ကာမြောက်ရွာနဲ့ တောင်ရွာ ရေနံကုန်းက ပြည်သူတေက ခုထိ အိမ်ပြန်ကပ်လို့ မရသေးဘူးလို့ “ လို့ Monywa Roads Information – MRIက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း စစ်အုပ်စုတွေဟာ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေချိန်မှာ ကျောက္ကာမြောက်ရွာထဲ ဝင်ရောက်ပြီးနောက် ပြည်သူပိုင် ပစ္စည်းတွေကို မွှေနှောက်ယူဆောင်ပြီး တပ်စွဲထားတဲ့ ရွှေဂူနီဘုရားအနီး ပြန်လည်ဝင်ရောက် သွားတယ်လို့ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုတပ်တွေဟာ ဩဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ ကျောက္ကာတောင်ရွာကို နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့တာကြောင့် နေအိမ် ၈၀ ခန့် မီးလောင်ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကျောက္ကာရွာကို စီးနင်းကာ နေအိမ်တွေ မီးရှို့ပြီး ရွှေဂူနီဘုရားထဲ ဂိတ်ဖွင့်စခန်းချနေတဲ့ စစ်အုပ်စုကို ဩဂုတ် ၂၀ရက်နဲ့ စက်တင်ဘာ ၁၂ ရက်နဲ့ စက်တင်ဘာ ၁၆ ရက်တွေမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုစစ်ကြောင်းက အသေအပျောက်များခဲ့ပေမဲ့ စခန်းမသိမ်းနိုင်ခဲ့ဘူးလို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကလည်း စက်တင်ဘာ ၁၉ ရက်က သတင်းထုတ်ပြန် ထားပါတယ်၊
Photo -စစ်ကိုင်းပြည်သူဖေးမ ကွန်ရက်၊ ပုလဲမြို့နယ်အတွင်း စစ်ဘေးရှောင်တွေကို မြင်တွေ့ရပုံ။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



