MN/MFP ၊ အောက်တိုဘာ – ၃
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အရှေ့ခြမ်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အထိနာတဲ့ စစ်အုပ်စုနဲ့ပျူတွေက ညောင်ပင်ရွာကို ဒီကနေ့ထိ စီးနင်းလုယက်မီးရှို့နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ်မှာရှိတဲ့ ညောင်ပင်ရွာကို စက်တင်ဘာ ၂၅ ရက်မှာ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ပျူတွေ စစ်ကြောင်းထိုးလာရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စက်တင်ဘာ ၂၇ ရက်ထိ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်အုပ်စုနဲ့ ပျူတွေ အထိနာပြန်ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တိုက်ပွဲမှာအထိနာပြီး စစ်ကြောင်းပြန်ဆုတ်သွားတဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးတွေဟာ စက်တင်ဘာ ၂၉ ရက်မှာ စစ်ကြောင်းနှစ်ခုခွဲပြီး ညောင်ပင်ရွာကို ထပ်မံစီးနင်းဝင်ရောက်ပြီးနောက် ဒီကနေ့ အောက်တိုဘာ ၃ ရက်နေ့ထိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းအမြစ်တစ်ဦးက ဆိုပါတယ်။
“တိုက်ပွဲဖြစ်ပြီးတော့ နောက်တရက်မှာပဲ စစ်ကြောင်းနှစ်ခုခွဲပြီးတော့ ညောင်ပင်ရွာကို သီတာယုမွန်တို့အဖွဲ့တွေ ပြန်ဝင်ပြီး မီးရှို့နေတာ။ ဒီကနေ့လည်း မီးရှို့တာ ငါးကြိမ်လောက်ရှိသွားပြီ။ သီတာယုမွန်တို့အဖွဲ့က ရွာထဲကိုဝင်ပြီးတော့ ပစ္စည်းတွေလုလိုက် အိမ်တွေမီးရှို့ပြီး ပြန်ထွက်သွားလိုက်နဲ့ လုပ်နေကြတာ။ ရွာထဲက အိမ်တံခါးတွေပါမကျန် ဖြုတ်ယူပြီး သူတို့မယူနိုင်ဘဲကျန်တာတွေကို မီးရှို့နေတာ။ ဒေသခံတွေကတော့ အကုန်ရှောင်နေရတယ်”
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်ကလည်း စစ်အုပ်စုနဲ့ သီတာယုမွန်အဖွဲ့က ညောင်ပင်ရွာကို စစ်ကြောင်းမထိုးခင် ဒရုန်းနဲ့ ဗုံးသီးချခဲ့တာကြောင့် ဘုန်းကြီးကျောင်းမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ သားအမိနှစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့ပါတယ်။
လက်ရှိမှာ ညောင်ပင်ရွာကို စီးနင်းလုယက်မီးရှို့နေတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲထပ်ဖြစ်တာမရှိသေးပေမဲ့ နှစ်ဖက်စစ်ရေး အခြေအနေကို စောင့်ကြည့်နေတဲ့ အနေအထားဖြစ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
မြင်းခြံမြို့နယ် နွားထိုးကြီးနယ်အစပ် ကားလမ်းပေါ်မှာရှိတဲ့ ညောင်ပင်ရွာဟာ အိမ်ခြေ ၅၀၀ ဝန်းကျင်နဲ့ လူဦးရေ ၄၀၀၀ ကျော်ရှိပြီး လက်ရှိမှာ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေက နေအိမ်တွေကို ဖောက်ထွင်းလုယက် အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခံထားရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ညောင်ပင်ရွာအပါဝင် အနီးဝန်းကျင် ရွာတွေဖြစ်တဲ့ စံပြ၊ သဲတော၊ ခင်မကန်၊ မြောက်ကုန်း၊ တဲ၊ ပျော်ဘွယ်၊ ဗလုံ၊ ရွာကြီး စတဲ့ ရွာပေါင်း ၁၀ ရွာကျော်က ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ အကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကလည်း မြင်းခြံနယ်အရှေ့ခြမ်းနဲ့ နွားထိုးကြီးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေ အင်အား ၁၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးပြီး ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့ခဲ့တာကြောင့် ရွာပေါင်း ၁၀ ရွာကျော်က စုစုပေါင်းအိမ်ခြေ ၁၅၀၀ ကျော် မီးလောင်ပျက်စီးပြီး ဒေသခံ ၂၅ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက မြင်းခြံနဲ့ နွားထိုးကြီးနယ်ထဲက ကျေးရွာတွေကို စစ်အုပ်စု စီးနင်းလုယက်မီးရှို့ဖျက်ဆီးခဲ့စဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



