အီသာရမ်/MFP ၊အောက်တိုဘာ-၂၂
မကွေးတိုင်း၊ ပခုက္ကူနယ်အနောက်ခြမ်းမှာရှိတဲ့ ညောင်ဂျစ်ပင်ပျူစောထီးစခန်းမှာ ရောက်နေတဲ့ စစ်အုပ်စုစစ်ကြောင်းက အောက်တိုဘာလ ၂၂ ရက်ဒီနေ့မနက်ပိုင်းမှာ အနီးအနားမှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့ကတည်းက ကန်တော်ကျေးရွာ စစ်အုပ်စုအထိုင်စခန်းကနေ ခန့်မှန်းအင်အား ၁၅၀ ခန့်ပါစစ်ကြောင်းဟာ ပခုက္ကူနယ် အနောက်ခြမ်းပျူစောထီးစခန်းတွေကတဆင့် ညောင်
ဂျစ်ပင်ပျူစောထီးစခန်းကို ရှေးပြေး စစ်ကြောင်းအဖြစ် ရောက်ရှိနေတာ ဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းဟာ မြိုင်နယ်နဲ့ကမ္မမြို့အနီးတဝိုက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာ တွေ့နေရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ညောင်ဂျစ်ပင်မှာရှိသေးတာ မနေ့ကတစ်နေကုန်တော့ မလှုပ်ဘူး၊အရင်ကလည်း အဲဒီကနေ ပုံမှန်ထိုးတာက မြိုင်နယ်ဘက်ဆီပဲ ထိုးတာဆိုတော့ အဲလိုပဲဖြစ်မှာပါ၊ ကမ္မမြို့ပေါ်က ဆိုင်တွေက ပိတ်တဲ့ဆိုင်တွေလည်း ပိတ်တယ် ဖွင့်တဲ့ဆိုင်လည်း ဖွင့်ထားကြတုန်း၊အနီးအနားက ရှောင်တဲ့သူတွေလည်း ရှောင်နေကြပေါ့”
စစ်အုပ်စုစစ်ကြောင်းကြောင့် ညောင်ဂျစ်ပင်ပျူစောထီးစခန်းအနီးက ပြည့်အိုင်ကျေးရွာ၊ရေလာကြီးကျေးရွာ၊ဖောင်းကွဲကျေးရွာ နဲ့ ထန်းတပင် ကျေးရွာစတဲ့ ကျေးရွာတွေက ပြည်သူတချို့လည်းစစ်ဘေးရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လတ်တလော စစ်ရေးအခြေအနေကြောင့် ညောင်ဂျစ်ပင်ပျူစောထီးစခန်းရဲ့ အနောက်ဘက် တစ်မိုင်ခန့်အကွာက ကမ္မမြို့ပေါ်မှာလည်း ဈေးဆိုင်ခန့်တချို့ ပိတ်ထားပြီး စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေကြပြီလို့ ဆိုပါတယ်။
ညောင်ဂျစ်ပင်ပျူစောထီးစခန်းက ဘုန်းကြီး ဦးဝါယမ ဦးဆောင်တဲ့ ပျူစောထီးစခန်းဖြစ်ပြီး အနီးအနားက ကျေးရွာက ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်စီးတာ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ညောင်ဂျစ်ပင်ပျူစောထီးစခန်းကို တော်လှန်ရေးရဲဘော်လေးဦး လက်နက်တွေနဲ့အတူ သွားရောက်ပူးပေါင်းသွားပြီးနောက် အဲဒီပူးပေါင်းသွားတဲ့ တော်လှန်ရေးရဲဘော်တွေကို လမ်းပြအဖြစ် ခေါ်ဆောင်ကာ စစ်ကြောင်းထိုးလာတာ နှစ်ကြိမ်ခန့်ရှိပြီဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



