MN/MFP ၊ အောက်တိုဘာ – ၂၅
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါ်ရှိ စစ်အုပ်စုက ဖွင့်လှစ်ထားတဲ့ အမှတ် ၁ – အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က – ၁)မှာ ပညာသင်ကြားနေတဲ့ Grade – 10 ကျောင်းသူကို ရည်းစားဖြစ်သူ ကျောင်းသား အပါအဝင် လေးယောက်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ ဗီဒီယိုရိုက်ကူးပြီး တယ်လီဂရမ် အွန်လိုင်းမှာ ဖြန့်ဝေမှု အောက်တိုဘာ ၂၃ ရက်က ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက်က စလင်းမြို့ပေါ်ရှိ အ.ထ.က – ၁ ကျောင်းမှာ Grade – 10 ပညာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသူကို ရည်စားဖြစ်တဲ့ Grade – 12 ကျောင်းသားက မွေးနေ့ပွဲ ရှိတယ်ဆိုပြီး ချိန်းဆိုကာ အရက်သေစာသောက်စားပြီးနောက် သူငယ်ချင်း သုံးယောက်နဲ့အတူ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
“ကျောင်းသူမလေးကို ကျောင်းသားလေးက သူ့ရဲ့မွေးနေ့ရှိတယ်ဆိုပြီးတော့ ထီးကြီးဘုရားမှာ ခေါ်သွားတာ။ အဲဒီ ဘုရားမှာ သောက်စားမူးယစ်ကြပြီးတော့ ကျောင်းသူမလေးကို အားလုံးက ဝိုင်းပြီး မုဒိမ်းကျင့်လိုက်ကြတာ။ မုဒိမ်းကျင့်လိုက်တာမှာ ရည်းစားဖြစ်သူက ကျောင်းသူလေးရဲ့ လည်ပင်းကို ညှစ်ပြီးတော့ တစ်ယောက်ချင်းစီး ခွဲပြီး မုဒိမ်းကျင့်ကြတာ”လို့ စလင်းမြို့ခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
အဲဒီလို အရက်သေစာသောက်စားပြီး ရည်စားဖြစ်သူနဲ့ အဖွဲက ဝိုင်ဝန်းအဓမ္မပြုကျင့်ခဲ့တာကြောင့် သတိမေ့မျောခဲ့ရာမှ ပြန်လည်သတိရလာချိန် ဘေးပတ်ဝန်းကျင်ကို ကျောင်းသူက အကူညီတောင်းခံခဲ့ရာမှ ဆေးရုံကို ဒေသခံတွေက ကူညီပို့ဆောင်ပေးခဲ့ရတာ ဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
စလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း (အထက – ၁)က Grade – 10 ကျောင်းသူကို ရည်းစားဖြစ်တဲ့ Grade – 12 ကျောင်းသားနဲ့အတူ လေးဦးက အရက်သောက်စားပြီးနောက် ရိုက်နှက်နှိပ်စက်ကာ ဝိုင်းဝန်း အဓမ္မပြုကျင့်ခဲ့တာဖြစ်သလို အဓမ္မပြုကျင့်နေတဲ့ ဗွီဒီယိုဖိုင်ကိုပါ ရိုက်ကူးခဲ့ပြီး လူမှုကွန်ရက်ဖြစ်တဲ့ telegram မှာပါ လွှင့်တင်ခဲ့တာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
လက်ရှိမှာ ကျောင်းသူဖြစ်သူကို အုပ်စုဖွဲ့ အဓမ္မပြုကျင်ခဲ့တဲ့ ရည်စားဖြစ်သူအပါဝင် လေးဦးကို စစ်အုပ်စု ရဲစခန်းက ခေါ်ဆောင်သွားတယ်လို့ ဆိုပြီး နောက်ဆက်တွဲ အသေးစိတ်ကိုတော့ သိရဖို့ MFP က ဆက်လက် စုံစမ်းနေပါတယ်။
စစ်အုပ်စု ရဲတွေက ငွေယူ၊ ငွေညှစ်ပြီး အမှုကို ဖုံးဖိဖျောက်ဖျက်၊ ကျေအေးခိုင်းလိုက်မှာ စိုးရိမ်တယ်လို့လည်း မြို့ခံတချို့က ပြောပါတယ်။
စလင်းမြို့ အထက ၁ မှာ စစ်အာဏာမသိမ်းခင်က ကျောင်းသား ၁၀၀ ဦးကို ဆရာ၊ ဆရာမ ၁၀ ဦးနှုန်းပင် မရှိပေမယ့် လက်ရှိ အာဏာသိမ်း ကာလမှ စစ်အုပ်စုက Non CDM ဆရာ၊ ဆရာမတွေ ထပ်တိုးခန့်အပ်ထားလို့ ကျောင်းသား ၁၀၀ မှာ ဆရာ၊ဆရာမ ၃၀ ဦး နှုန်းအထိ ရှိလာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စစ်အုပ်စု လက်အောက် Non CDM ဆရာ၊ ဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်သူတွေဟာ ပညာသင်ကြားရေးရော၊ စည်းကမ်းထိန်းသိမ်းရေးမှာပါ ကျွမ်းကျင်တတ်မြောက်တာ မရှိဘဲ စစ်အုပ်စုကလည်း သူတို့ကို သစ္စာခံတဲ့ နီးစပ်ရာလူတွေကို ဆရာ၊ ဆရာမအဖြစ် ဆွဲခန့်ထားတာလို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်ကို သစ္စာခံတဲ့ Non CDM တွေ ကြီးစိုးရာ စာသင်ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အဓမ္မပြုကျင့်မှု၊ အနိုင်ကျင့် ရန်ပြုမှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး ၂၀၂၄ နှစ်ကုန်ပိုင်းကလည်း ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာမှာ မင်းအောင်လှိုင်ကို သစ္စာခံတဲ့ Non CDM ကျောင်းအုပ်ဆရာတစ်ဦးက မူလတန်းကျောင်းသား ၁၇ ဦးကို လိင်ပိုင်ဆိုင်ရာစော်ကားမှု ဖြစ်ပွားခဲ့ပါသေးတယ်။
Photo – စလင်းမြို့ အထက ၁ ကျောင်း (ပုံဟောင်း)



