အီသာရမ်/MFP ၊အောက်တိုဘာ-၂၈
မကွေးတိုင်း ဆိပ်ဖြူနယ် က စစ်အုပ်စုဂိတ်စခန်းတစ်ခုကို တော်လှန်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ကြောင်းမှူး ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီးလက်နက်နဲ့အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပခုက္ကူခရိုင်စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့ မနက် ၅ နာရီခန့်စပြီး ဆိပ်ဖြူမြို့နယ် ဂွေးပင်ကျေးရွာနဲ့တောင်ငယ်လုံးကျေးရွာ ကြားက စစ်အုပ်စုအထိုင်စခန်းကို ပခုက္ကူခရိုင် တပ်ရင်း-၁၉ နဲ့ Yananthar Column(မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စုအထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ Yananthar Column(မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း) က စစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ(ခ)ဟိန်းမင်းသူ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ စခန်းသိမ်းတိုက်ပွဲ အခြေအနေ အသေးစိတ် အခြေအနေကိုတော့ MFP အနေနဲ့ သီးခြားအတည်မပြု နိုင်သေးသလို တာဝန်ရှိသူတွေကို မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။
စခန်းသိမ်းတိုက်ပွဲမှာ စစ်အုပ်စု လေးယောက် မျက်မြင် သေဆုံးခဲ့ပြီး MA-3 တစ်လက်၊ကျည်ဘောက် သုံးခု၊၅.၅၆ ကျည် ၁၁၀ ခန့်နဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲမှာကျဆုံးခဲ့တဲ့ Yananthar Column က စစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ(ခ)ဟိန်းမင်းသူကို ရေနံသာစစ်ကြောင်းက စစ်ဓလေ့ထုံစံအတိုင်း သေနတ်ပစ်ဖောက်ပြီး ကောင်းမွန်စွာ မီးသင်္ဂြိုလ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



